ဩဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာ (၂) ရက်နေ့ထိ တစ်ပတ်စာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။
တနင်္ဂနွေ
ယခုကာလအတွင်း လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းမှ အခြားလုပ်ငန်းတစ်ခုသို့ ပြောင်းလဲလုပ်ကိုင် သင့်သည်။ ဒါမှမဟုတ် လက်ရှိအလုပ်ကို အပြင်အဆင်ဒီဇိုင်း ပြောင်းပြီးလုပ်ပါ။ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာတတ်သည်။ မိတ်ကောင်း၊ ဆွေကောင်းများ တိုးပွားမည်။ မည်သည့် အရေး ကြီး လုပ်ငန်းကိစ္စများအတွက်ကိုမဆို စနေသား ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တိုင်ပင်လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေ၊ အကျိုးပေး မှုများ ခံစားရမည်။
ဝန်ထမ်းများဖြစ်ပါက လုပ်ဖော်ကိုင်ဖက်တွေ ခွင့်ယူထားတာကြောင့် အခြားသူအလုပ်တွေ ကူလုပ်နေ ရတတ်သည်။ လာဘ်လာဘ များလည်း ဝင်မည်။ သို့သော် ကျန်းမာရေး အထူးဂရုစိုက် သင့်သည်။ အလုပ်ဒဏ်၊ အပင်ပန်းဒဏ်များ ခံစားရတတ်မည်။ အစာအဆိပ်ဖြစ်ခြင်း၊ သွေးအဆိပ်ဖြစ်ခြင်းများ ရှိမည်။ ပညာရေးနှင့် ပတ်သက်၍ မိမိမျှော်မှန်းသလောက် မဖြစ်တတ်ပါ။ စိတ်အနှောက်အယှက်ဖြစ်စရာများလည်း တွေ့ရ တတ်သည်။
ငယ်ရွယ်သူများ၏ အချစ်ရေးတွင် အချစ်မရှိသေးသူများ ချစ်သူရတတ်သည်။ စေ့စပ်ရန်၊ လက်ထပ်ရန် ရည်ရွယ်ထားသူများလည်း တစ်ကယ်လက်တွေ့ အကောင်အထည်ဖေါ် နိုင်လိမ့်မည်။ အိမ်ထောင်ရေးမှာတော့ တအုံး နွေးနွေးနဲ့ စိတ်အလိုမကျစရာတွေများလာတတ်ပါတယ်။ ပေါက်ကွဲတတ်သူဆို ရန်အကြီးအကျယ်ဖြစ်တတ်တယ်။
အကျိုးပေးဂဏန်း - ၁/၅/၇
အထူးဟော- စီးပွားရေးကို အမြင်သစ်၊စိတ်ကူးသစ်နဲ့လုပ်ကြည့်ပါ။
ယတြာ- ဗုဒ္ဓေါဂုဏ်တော်ကို ပုတီးနိုင်သလောက်စိပ်ပါ။
တနင်္လာ
ဤကာလအတွင်း တနင်္ဂနွေသားသမီး အကူအညီကို ယူခြင်းဖြင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာ၌ ကံကောင်း ခြင်းများကို ဖြစ်စေနိုင်ပါသည်။ အိမ်ထောင်ရှင် ဖြစ်ပါက သားသမီးတစ်ဦးဦးကြောင့် စိတ်ချမ်းသာ ပျော်ရွှင်မှုများ ရရှိ မည်။ အလုပ်အကိုင် ရှာဖွေနေသူများ အခက်အခဲအချို့ ရှိနိုင်ပါသည်။ ကျန်းမာရေးအနေဖြင့် သွေးအားနည်း၊ လေ အားနည်း၊ သွေးလေ မမှန်ခြင်း၊ အပူအအေးမမျှခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါ သည်။
စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်ထံတွင် ရှယ်ယာ ထည့်ဝင်လုပ်ကိုင်ခြင်း၊ အများနှင့် ပူးတွဲလုပ်ကိုင်ခြင်းများ ရှောင်ကြဉ်ပါ။ မိမိတွင် ဆုံးရှုံးနစ်နာမှုများသာ ဖြစ်ရတတ်ပါသည်။ မိမိကိုယ်တိုင် ဦးဆောင် လုပ်ကိုင်မည်ဆိုပါက မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ကိုင်နိုင်မည်။
အထူးသဖြင့် အလှအပနှင့်ဆိုင်သော၊ စားသောက်ကုန်နှင့် ပတ်သက်သောအလုပ်များ ပိုမိုအကျိုးဖြစ်ထွန်းမှုများ ရှိမည်။ ကိုယ်တိုင်ထီကံအားနည်းပေမယ့် ရာဟုသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ။ အချစ်ရေးကဏ္ဍတွေမှာတော့ ချစ်သူက အချစ်လျော့လာတာမျိုး ကြုံရတတ်ပါတယ်။ အဆင်ပြေနေတဲ့ချစ်သူများကတော့ လူချင်းဝေးနေရတတ်ပါတယ်။ ပညာရှာနေတဲ့သူများ အိမ်တွင်းရေးကိစ္စတွေကြောင့် ပညာရေးကိုစိတ်မနှစ်နိုင်ဖြစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း- ၂/၆/၉
အထူးဟော - တစ်ကိုယ်တော် ကြိုးစားမှ အစစအရာရာအဆင်ပြေမည်။
ယတြာ - သောကြာနေ့မှာ အရဟံဂုဏ်တော်ကို အားလပ်ချိန်တိုင်း နှုတ်ကရွတ်ပွားနေခြင်းဖြင့် တစ်ပတ်လုံးကံ ကောင်းစေပါလိမ့်မယ်။
အင်္ဂါ
ယခုကာလအတွင်း စီးပွားရေးနှင့်ဝင်ငွေ အနည်းငယ် ညံ့နေလိမ့်မည်။ စီးပွားရေးနှင့် ပတ်သက် ၍ အပြိုင် အဆိုင်၊ အတိုက်အခံများလည်း များပြားနေတတ်သည်။ သို့သော် မိမိလုပ်ကိုင်နေသောအာစိဏ္ဏကံ ကုသိုလ်ကောင်းမှု များ ရှိတဲ့သူဆိုရင်တော့အကျိုး အမြတ်များကို ခံစားရဦးမည်ဖြစ်ရာ ဝါသနာပါသည်ဖြစ်စေ၊ ဝါသနာမပါသည်ဖြစ် စေ၊ ထီထိုးခြင်း၊ ကံစမ်းခြင်းများ ပြုပေးသင့်ပါသည်။ သင့်အတွက် (မ)ဂဏန်းပါသော ကိန်းဂဏန်းများဖြင့် တွဲဖက်၍ အရာရာကို လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။
ဝန်ထမ်းဖြစ်ပါက ဌာနအတွင်း အဆင်မပြေမှုများ ဖြစ်တတ်မည်။ တစ်ပါးသူ၏ သံသယဖြစ်ခြင်း၊ အထင်အမြင်လွဲမှားခြင်းတို့လည်း ခံရတတ်ပါသည်။ အထူးသဖြင့် အလုပ်ပိုကိစ္စပို တွေ များလာတတ်ပါတယ်။ အချိန်ပိုကြေးမရဘဲ အချိန်ပိုအလုပ်တွေလုပ်နေရတတ်ပါတယ်။
အိမ်ထောင်ရှင်ဖြစ်ပါက အိမ် တွင်း ရေး အဆင်ပြေမည်။ တကွဲတပြားစီ ဖြစ်နေသော သားသမီးများနှင့် ပြန်လည်၍ စည်းစည်းရုံးရုံး ပျော်ပျော် ရွှင်ရွှင် နေရလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အသည်းယောင်၊ အသားဝါခြင်း ၊ နှလုံးအားနည်းခြင်း ၊ စသည် ဝေဒနာ များ ဖြစ်ပေါ်ခံစားရတတ်သည်။ ငယ်ရွယ်သူများ မိမိချစ်သူနှင့်အတူ အပျော်ခရီးများထွက်ရတတ်သည်။ ပညာရေးမှာတော့ မိမိကိုယ်တိုင်က စိတ်ရှုပ်နေတဲ့အတွက် ပညာရေးအပေါ်စိတ်ဝင်စားမှုအားလျော့နေတတ်တယ်။
အကျိုးပေးဂဏန်း - ၂/၀/၇
အထူးဟော - စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ရတတ်ပါတယ်။
ယတြာ - ဒိန်ချဉ်ဘုရားကပ်လှူပါ။
ဗုဒ္ဓဟူး/ရာဟု
ယခုကာလအတွင်း ဝန်ထမ်းဖြစ်ပါက မထင်မှတ်ဘဲ ကံကောင်းတတ်မည်။ ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်းများ အိုးအိမ်ပိုင်ဆိုင်ရခြင်းများ ရှိမည်။ ငွေကြေးကိစ္စနှင့် အခြားကြိုးစားထားသောကိစ္စများ အဆင်ပြေမည်။ မိမိ၏အရေးကြီး ကိစ္စများကို ကြာသပတေးသား အကြီးအကဲပုဂ္ဂိုလ်များနှင့် တိုင်ပင်၊ ပြောဆို၊ အကြံ ဉာဏ် ယူ လုပ်ကိုင်ဆောင်ရွက် ဖြင်းဖြင့် အဆင်ပြေအောင်မြင်မှုများ ပိုမိုရရှိနိုင်ပါသည်။ အရာရာကို မိမိဘာသာ ဦး ဆောင် လုပ်ကိုင်ရခြင်းများ ရှိမည်။
အများ၏ ရိုသေလေးစားမှုကို ခံရတတ်သည်။ လိင်တူ၊ လိင်ကွဲများ၏ စိတ်ဝင် စားမှုကို ခံရတတ်မည်။ မိသားစုအလိုက် အလှူအတန်းကုသိုလ်များလည်း ပြုလုပ်ရတတ်ပေမည်။ ရပ်ဝေးနေ ဆွေမျိုးများလည်း သင့်အိမ်ကို အလည်အပတ်ရောက်လာကြမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အာရုံကြော အားနည်းခြင်း၊ ထုံနာကျဉ်နာ ဖြစ်ခြင်းတို့အတွက် အထူးသတိထားပါ။
ပညာသင်ကျောင်းသား ဖြစ်ပါက ပညာရေး ကံအသင့်အတင့်ရှိမည်။ ငယ်ရွယ်သူများ အချစ်အတွက် စွန့်စားမှုများ ရှိမည်။ပြဿနာကြီးငယ်များ ပေါ်ပေါက် တတ်ပါသည်။ ချစ်သူနှင့် အနေဝေးရမှုများလည်း ဖြစ်တတ်သည်။ အိမ်ထောင်ရေးမှာတော့သဘောထားမတိုက်ဆိုင် တာတွေများနေတတ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်သင့်တဲ့ကာလတစ်ခုပါပဲ။
အကျိုးပေးဂဏန်း - ၁/၃/၈
အထူးဟော - ကံမြင့်မားနေပါတယ်။
ယတြာ - ခေါင်းလိမ်းတဲ့ အုန်းဆီတစ်ဗူး အကြီးအကဲတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။
ကြာသပတေး
ယခုကာလအတွင်း သင့်အတွက် ကံကုသိုလ်ကောင်းသော အချိန်အခါဖြစ်၍ အမွေအနှစ်များ ရရှိခြင်း၊ ထီပေါက်ခြင်း (သို့) ထီပေါက်သကဲ့သို့ ငွေကြေးအလုံးအရင်းနှင့် ဝင်တတ်ခြင်းများ ရှိမည်။ ကံကုသိုလ်များကောင်းပြီး အစစ၊ အရာရာတွင် အဆင်ပြေ၊ အောင်မြင်မှုများ ရရှိစေရန်အတွက် တကယ်လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင် သမျှအလှူအတန်း ပြုသင့်ပါသည်။
ဗုဒ္ဓဟူးသားသမီးများနှင့် ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ရတတ်ခြင်းများ ၊ ငွေကြေးအကုန်အကျ များရတတ်ခြင်းများ ရှိမည်။ စီးပွားရေးလုပ်ငန်းအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေအသင့်အတင့်ရှိတတ်မည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းကို လိင် မတူသူများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းတိုးတတ်အောင်မြင်မှုကို ရရှိနိုင်ပါမည်။
အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေး အဆင်ပြေမည်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျတတ်သည်။ အချစ်မရှိသေးသူများ လည်း ချစ်သူရည်းစားရတတ်သည်။ကျန်းမာရေးမှာ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ဦးခေါင်းပိုင်းတွင် ပြင်းပြင်း ထန်ထန် ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်ခြင်းများ ရှိမည်။ ပညာရေးတွင် ထွန်းပေါက်အောင်မြင်မှုတွေရှိ လာတတ်ပါတယ်။ ဒါကြောင့်ကြိုးစားသမျှအရာထင်လာမယ့် ကာလပါပဲ။
အကျိုးပေးဂဏန်း - ၂/၄/၅
အထူးဟော - စိတ်ချမ်းသာစရာ များပါလိမ့်မယ်။
ယတြာ - ကြာဆံကြော်နှင့် လက်ဖက်ရည် ဘုရားကပ်လှူပူဇော်ပါ။
သောကြာ
ယခုကာလအတွင်းအရာရာကို ဇွဲနပဲကြီးစွာလုပ်ကိုင်ဆောင်ရွက်ပါ။ ကံကမပေးပါဘူး။ ဒါကြောင့်ပျင်းနေလို့ မရပါ။ လက်ရှိစီးပွားရေးလုပ်ငန်းသည် ဝင်ငွေလျော့နည်းနေသော်လည်း လုပ်ငန်းသစ် စချင်နေသူများ အခက်အခဲ များကြားမှ အကောင်အထည်ဖေါ် လုပ်ကိုင်နိုင်မည်။မြုပ်နေသော ငွေကြေးများ ပြန်လည်ပေါ်လာခြင်းနှင့် ရင်ဆိုင်နေရသော အမှုအခင်းများ အောင်မြင်ပြီးမြောက်သွားခြင်းရှိမည်။
အိမ်ထောင်ရေးတွင် ပျော်ရွှင်ကြည်နူးမှု များနှင့် ပြည့်ဝအေးချမ်းနေမည်။ အိမ်ထောင်ရေး သာယာမည်။ ဦးတည်ချက် အစီအစဉ်များ ပြောင်း လဲ ရလိမ့်မည်။ မူလ ရည်မှန်းထားသည်နှင့် လက်တွေ့ဖြစ်စဉ်များ ကွဲလွဲမည်။ ဝယ်စရာပေါ်လာ၍ငွေကုန်များမည်။ ကတိပျက်သူများ ကြောင့်စိတ်အနှောက်အယှက်ဖြစ်မည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ဝေခွဲရခက်သလို၊ တွေဝေဒွိဟဖြစ်ခြင်းများ ရှိနေမည်။
မိမိထက်အသက်ကြီးသူ (သို့) အလွန်ငယ်သူ၊ လူမျိုးကွဲ၊ ဘာသာကွဲသူတို့၏ စိတ်ဝင်စားခြင်း၊ လက်ထပ် ခွင့် တောင်းခံခြင်းများ ရှိနေမည်။ ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ ဝေဒနာများ ဖြစ်ပေါ်ခံစားရ တတ် သည်။မကြာခဏလည်း ဖျားနာတတ်သဖြင့် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ အထူးဂရုစိုက် သင့်ပါ သည်။ပညာရေးမှာတော့ အွန်လိုင်းပညာရပ်များ ကို ဦးစားပေးသင်ယူလေ့လာသင့်ပါတယ်။
အကျိုးပေးဂဏန်း - ၃/၅/၆
အထူးဟော - ကံအင်အားနည်းနေတတ်ပါတယ်။
ယတြာ - မိတ်ဆွေတစ်ဦးကိုလက်သန့်ဆေးရည်တစ်ဘူး လက်ဆောင်ပေးလိုက်ပါ။
စနေ
ဒီကာလအတွင်းစီးပွားရေးတွင် အတွေးအခေါ်၊ ဆုံးဖြတ်ချက်မှားမှုကြောင့် တပည့်လက်အောက်ငယ်သားနှင့် ရစရာအခွင့်အလမ်းများ ထိခိုက်နစ်နာ မည်။ လူကောင်းတွေ အလုပ်ထွက်သွားတတ်သည်။ ဝန်ထမ်းဆိုရင်တော့ မိမိ၏ စိတ်စေတနာ မှန်ကန်မှုကြောင့် လုပ်ဖေါ်ကိုင်ဖက်များမှ လုပ်ငန်းများကို တွဲခေါ် လုပ်ဖြစ်မည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ လုပ်ငန်းအောင်မြင်မှုကို တွေ့မြင်ရသည်။
ငွေကြေးကိစ္စနှင့် ပတ်သက်ပြီးမိတ်ဆွေ အပေါင်း အသင်း များနှင့် စကားများရလိမ့်မည်။ ရန်အတိုက်အခံ များနှင့် ထိပ်တိုက်တွေ့ရတတ်သည်။ အလိုအလျောက် စိတ်တိုဒေါသ ထွက်နေရမည်။ အတူနေအုပ်စုနှင့် ပဋိပက္ခ ဖြစ်မည်။ တစ်ပါးသူကတိစကားများ ယုံစား၍မရနိုင်ပါ။ အိမ်ထောင်ရေးတွင် လင်နှင့်မယား အဆင်ပြေဖို့ထက်ဝမ်းရေးနှင့် နေရေးကို ဟန်ချက်ညီစွာ လုပ်ကိုင်နေဖြစ်မည်။ ပညာရေးမှာ များစွာ အခက်အခဲ ဖြစ်နေမည်။
လူကြီးမိဘ၊ ဆရာသမား၊ ကြီးကဲသူတို့၏ အထင်လွဲမှားခြင်းကို ခံရတတ်ပါသည်။ ဆရာပြောသမျှ နားမလည်နိုင်ပဲ ရှိနေမည်။ စာအုပ်များနှင့် အပေါင်းအသင်းများကို မှီခိုအားထားနေရ မည်။ ကျန်းမာရေးကတော့ အထွေအထူးညံ့နေတာမျိုးမရှိပါ။ နေကောင်း၊ကျန်းမာနေတတ်ပါတယ်။ အချစ်ရေးတွင် သွေးအေးအေးနှင့် လမ်းခွဲရတတ်သည်။ စိတ်ကူးယဉ်အိပ်မက်များနှင့် လက်တွေ့ဘဝမှာ အလွန်ခြားနားနေပါသည်။
အကျိုးပေးဂဏန်း - ၄/၆/၈
အထူးဟော - ကံအကောင်း အဆိုး ရောထွေးနေတတ်ပါတယ်။
ယတြာ - တတ်နိုင်သမျှ ငါးစာကျွေးစေချင်ပါတယ်။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695/09 44 5555 695