By - Jae
ကျန်းမာရေးနှင့် အားကစားဆိုင်ရာဝန်ကြီးဌာနမှ ညမထွက်ရအမိန့်အပါအ၀င် ယခင် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်အားလုံးကို ဩဂုတ်လ (၁၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားကြောင်း ဩဂုတ်လ (၁၃) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
ထိုကန့်သတ်ချက်များထဲတွင် ည (၁၂) နာရီမှ မနက် (၄) နာရီအထိ ညမထွက်ရန်၊ ပြည်ပသို့ ခရီးသွားလာမှုများ မပြုလုပ်ရန်၊ (၃၀) ဦးနှင့်အထက် လူစုလူဝေး မပြုလုပ်ရန် စသည့် အချက်များ ပါ၀င်သည်။
လူစုလူဝေး ပြုလုပ်ရာတွင်လည်း ဈာပနာကိစ္စနှင့် အလုပ်ကိစ္စများမှလွဲ၍ လူ (၁၅) ယောက်နှင့်အထက် စုစည်း မနေထိုင်ကြရန် အသိပေး ကြေညာထားရာမှ ဩဂုတ်လ (၁၂) ရက်နေ့မှစပြီး လူ (၃၀) အထက် စုဝေးခြင်း မပြုရန် ထုတ်ပြန်ကြေညာထားသည်။
.jpg)
မြန်မာနိုင်ငံအနေဖြင့် Covid-19 ရောဂါကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ရန် ထိုသို့ ကန့်သတ်ချက်များကို ယခုကဲ့သို့ တိုးမြှင့်ရခြင်း ဖြစ်ပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ၊ ပြည်ဝင်ခွင့် ဗီဇာများ အားလုံးကိုလည်း ပိတ်သိမ်းထားပြီး နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် (၃) ပတ် Quarantine ဝင်ရောက်ရမည် ဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ (သို့) အရေးပေါ်တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည် ဖြစ်သည်။
ထို့ပြင် ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာလေကြောင်းများ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းထားခြင်းကို ဩဂုတ်လကုန်ထိ ထပ်မံ တိုးချဲ့ထားကြောင်း ထုတ်ပြန်ထားသည်။
