Business

ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေကို စဉ်းစားသင့်လဲ...?

Read 2057 times

by - WMMH (Mizzy)

မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေ၊ စွန့်ဦးတီထွင်သူတွေဟာ တိုးတက်လာတဲ့ နည်းပညာရေစီးကြောင်းနဲ့အညီ အများအပြား ပေါ်ပေါက်လာကြပါတယ်။ ဒါပေမယ့် အစပျိုးကာစ ကိုယ်ပိုင်လုပ်ငန်း အခု (၁၀၀) မှာ အခု (၉၀) လောက်က ပြိုလဲတတ်ကြပါတယ်။ 

ဒါ့အပြင် ကျန်တဲ့ (၁၀) ခုမှာ (၇) ခုလောက်က အဖွဲ့မညီတာကြောင့် ပျက်တတ်ကြပါတယ်။ ကျန်တဲ့ (၃) ခုလောက်ပဲ ရေရှည်တည်တံ့စ ပြုကြပါတယ်။  

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်တော့မယ်ဆို မလုပ်ခင် အများကြီး ကြိုတင်စဉ်းစားဖို့ လိုပါတယ်။ ဘာတွေ စဉ်းစားဖို့ လိုအပ်သလဲဆိုရင်တော့ အနည်းဆုံး အချက်(၄)ချက်အပေါ် မူတည်ပြီး စဉ်းစားသင့်ပါတယ်။ 

အဲ့ဒါတွေကတော့ … 

၁။ စီးပွားရေးလုပ်ငန်းအမျိုးအစား ( Types of Business )

၂။ ဈေးကွက် ( Market Area )

၃။ အရင်းအနှီး ( Investments Types )

၄။ အရင်းကျေအမှတ် ( Break Even Point ) တို့ ဖြစ်ပါတယ်။

Types of Business 

ပထမဆုံးအချက်အနေနဲ့ မိမိလုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းအမျိုးအစားကို စတင်စဉ်းစားရပါမယ်။ ကိုယ်က ဘယ်လို စီးပွားရေးအမျိုးအစားကို ဝါသနာပါတာလဲ။ ဥပမာ၊ ကုန်ထုတ်လုပ်ငန်း (Production) ၊ ဝန်ဆောင်မှု (Service)၊ ရောင်းဝယ်ရေး (Trading) စတဲ့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်မယ်ထင်တဲ့ နယ်ပယ်တစ်ခုကို ကြိုတင်ရွေးချယ်ဖို့ လိုပါတယ်။ 

ဒီလိုရွေးချယ်တဲ့နေရာမှာလည်း မိမိပတ်ဝန်းကျင်မှာ လွှမ်းမိုးမှုများနေတဲ့ စီးပွားရေး လုပ်ငန်းမျိုးကို မလုပ်သင့်ပါဘူး။ ဆိုလိုချင်တာကတော့ မာလာရှမ်းကောဆိုင်တွေ လူကြိုက်များနေလို့ အဲ့လိုပုံစံတူ ဆိုင်တွေပဲ လိုက်ဖွင့်တာမျိုး၊ ဖုန်းဆိုင်တွေ လိုက်ဖွင့်တာမျိုး မလုပ်သင့်ပါဘူးနော်။ 

ခေတ်ရေစီးကြောင်းအရ စားသုံးသူတွေရဲ့ လိုအပ်ချက် (Customer Need) ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေမဲ့ မိမိမကျွမ်းကျင်တဲ့ လုပ်ငန်းခွင်ဖြစ်ခဲ့ရင် အတွေးအခေါ်၊ အကြံဉာဏ်ကောင်းတွေရဖို့ အားနည်းလာနိုင်တဲ့အတွက် ကိုယ့်ရဲ့ စားသုံးသူကို စိတ်ကျေနပ်အောင် လုပ်ဆောင်တဲ့နေရာမှာလည်း အားနည်းသွားတတ်ပါတယ်။ 

Market Area

ဒုတိယအချက်အနေနဲ့ မိမိလုပ်ချင်တဲ့ လုပ်ငန်းရဲ့ ဈေးကွက်အခြေအနေကို စဉ်းစားရပါမယ်။ ကိုယ့်ရဲ့လုပ်ငန်းကိုမြို့တွင်း၊ ပြည်တွင်း၊ ပြည်ပ (Regional, Local, International) စသဖြင့် ဘယ် အတိုင်းအတာအထိ ရည်ရွယ်ထားလဲဆိုတာကို လေ့လာဆုံးဖြတ်ရပါမယ်။ စီးပွားရေးလုပ်ငန်း အမျိုးအစား (Types of Business) နဲ့ စျေးကွက် (Market Area) ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။

မိမိက အိမ်ဆိုင်လေးတစ်ဆိုင်ပဲ ဖွင့်မယ့်သူဆိုရင် မိမိရဲ့ Market Area က ကိုယ့်ရပ်ကွက်လောက်ပဲ ဖြစ်မှာပါ။ စက်ရုံတစ်ခု တည်ဖို့ စဉ်းစာထားတယ်ဆိုရင်တော့ ကိုယ့်မြို့နယ်သာမက တစ်နိုင်ငံလုံး အနေအထား အထိ စဉ်းစားလို့ရပါတယ်။ မီဒီယာလုပ်ငန်း ဆိုရင်တော့ ကိုယ့်နိုင်ငံသာမက International အထိ စဉ်းစားနိုင်ပါတယ်။

Investment Types

တတိယအချက်အနေနဲ့ကို စဉ်းစားရပါမယ်။ မိမိနိုင်သလောက် အရင်းအနှီးနဲ့ပဲ လုပ်မလား၊ လိုချင်တာကို သူများဆီက ချေးပြီးလုပ်မှာလား၊ သူများနဲ့ စပ်တူလုပ်မလား၊ စတာတွေကို စဉ်းစားဖို့ လိုပါတယ်။ ဒီ အချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်ပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းက ကြီးပေမယ့် ကိုယ့်မှာ အရင်းအနှီး အနည်းငယ်ပဲ ရှိတယ်ဆိုရင် ချေးငွေ သို့မဟုတ် စပ်တူ (၂) မျိုးထဲက တစ်မျိုးကို ရွေးချယ်ရပါမယ်။ ဒီလိုဆိုရင်တော့ တိကျခိုင်မာတဲ့ Business Plan တော့ ရှိဖို့လိုပါတယ်။

အနီးစပ်ဆုံး ဖြစ်နိုင်ချေရှိတဲ့ ရာခိုင်နှုန်းတစ်ခုကို တွက်ချက်ထားဖို့ လိုပါတယ်။ နောက်တစ်ခုက ငွေအရင်းအနှီး သိန်း (၁၀၀) ရှိရင် အားလုံးကို တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက်လို့ မဖြစ်ပါဘူး။ လုပ်ငန်းတစ်ခုမှာ အရှုံး၊အမြတ် ရရှိနိုင်ပါတယ်။ အဲဒီအတွက် တစ်ခုခုဖြစ်ခဲ့ရင် နောက်က လိုက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ 

Break Even Point

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အရင်းကျေမှတ်ပါ။ မိမိရဲ့ Investment Types က ကိုယ်ပိုင်ငွေ တစ်ခုတည်းနဲ့ လုပ်တာ ဆိုရင်တော့ အရင်းကျေနိုင်မယ့် အချိန်ကာလကို အများကြီး ထည့်စဉ်းစားစရာ မလိုပေမယ့်၊ ချေးငွေ သို့မဟုတ် စပ်တူလုပ်ငန်းနဲ့ လုပ်ကိုင်သူတွေအတွက်တော့ ထပ်တက် လာမယ့် အတိုးနှုန်းတွေက မိမိရဲ့ Profit & Loss ကို လာပတ်သက်နေတာမို့ အရင်းကျေအမှတ်ကို သေချာပေါက် ထည့်သွင်းတွက်ချက်ရမှာပါ။ 

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ချင်သူ လူငယ်များအတွက် မိမိဖတ်ဖူး မှတ်ဖူးသမျှထဲက ကောက်နုတ်ရေးသားထားတာ ဖြစ်တဲ့အတွက် ဖတ်သူတိုင်း အကျိုးရှိစေဖို့ ရည်ရွယ်ပြီး မှီငြမ်းရေးသားထားခြင်း ဖြစ်ပါတယ်။ 

 

Source From www.businessguide.com 

Source From www.bplans.com 

Source From အောင်ကိုဦး (UMK) 

 

Bookmark