အရက်သောက်ဖို့ လုံးဝ မသင့်တော်တဲ့ အချိန်များ
၁။ ပိုးသတ်ဆေးတွေ သောက်နေရတဲ့အချိန်

Cefotetan ၊ Metronidazole နဲ့ Tinidazole အစရှိတဲ့ဆေးတွေ သောက်နေရတဲ့အချိန်မှာ အရက်သောက်မိရင် ခေါင်းအလွန်အမင်းကိုက်တာ၊ ကိုယ်လက်မျက်နှာတွေနီရဲပြီး တဖိန်းဖိန်းတရှိန်းရှိန်းဖြစ်တာ၊ ခေါင်းမူးတာ၊ အော့အန်တာ၊ သွေးခုန်နှုန်းမြန်တာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ သိထားဖို့လိုတာတခုက အရက်အလွန်သောက်ခြင်းဟာ ခုခံအားစနစ်ရဲ့တုံ့ပြန်မှုကို နှေးကွေးစေပြီး ပိုးသတ်ဆေးသောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေပြီး ရောဂါပိုးတွေ ဝင်လာတဲ့အခါ ခုခံနိုင်ဖို့ ခက်ခဲစေပါတယ်။
၂။ စိတ်ကျရောဂါအတွက် ဆေးတွေသောက်နေရတဲ့အချိန်

စိတ်ကျရောဂါခံစားနေရသူတွေကို ပေးတဲ့ဆေးတွေဟာ အရက်နဲ့ လုံးဝ မတည့်ပါဘူး။ ရောဂါလက္ခဏာတွေကို ပိုလို့တောင် ဆိုးရွားစေပါတယ်။ ဒါ့အပြင် ဆေးတွေလည်းသောက် အရက်လည်းသောက်တဲ့အခါ အဆိုပါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းမူးဝေခြင်း ၊ လေးလံထိုင်းမှိုင်းခြင်းစတာတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။
၃။ သွေးတိုးရောဂါကို ကုသနေတဲ့အချိန်

အရက်ကို ပုံမှန်သောက်နေတာပဲဖြစ်ဖြစ် ၊ အလွန်အကျွံသောက်တာပဲဖြစ်ဖြစ် သွေးပေါင်ချိန်ကို ပိုမိုမြင့်တက်စေပါတယ်။ နဂိုတည်းက သွေးတိုးရှိတဲ့လူဆိုရင်တော့ အရက်သောက်တာ အန္တရာယ်များပါတယ်။ အရက်လျှော့သောက်တာ ဒါမှမဟုတ် ဖြတ်လိုက်တာက အရက်ကြောင့်ဖြစ်တဲ့ သွေးတိုးတာကို အများကြီးပြန်လည် သက်သာစေနိုင်ပါတယ်။
၄။ အကိုက်အခဲပျောက်ဆေးတွေ သောက်နေတဲ့အချိန်

ဆရာဝန်ခွင့်ပြုချက်မလိုဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတချို့ ရှိပါတယ်။ Paracetamol၊ Ibuprofen နဲ့ Aspirin တို့လိုမျိုးပေါ့။ လူကလည်းကျန်းမာနေတယ်။ ဒီဆေးတွေကိုလည်း ရံဖန်ရံခါမှ သောက်တာဆိုရင်တော့ အရက်နည်းနည်းပါးပါးသောက်တာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးတွေကို လွဲမှားစွာအသုံးပြုလို့ ဒါမှမဟုတ် အလွန်အကျွံသုံးမိလို့ ဖြစ်လာတဲ့ ကျောက်ကပ်၊ အသည်းနဲ့ အစာအိမ်ပြဿနာတွေကိုတော့ အရက်သောက်ခြင်းက ပိုမိုဆိုးရွားပါစေလိမ့်မယ်။
၅။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်

တချို့အမျိုးသမီးတွေအတွက် နည်းနည်းလေးသောက်တာတောင်မှ ကိုယ်ဝန်ရဖို့ခက်ခဲတတ်ပါတယ်။ အလွန်အကျွံသောက်တယ်ဆိုရင် ရာသီမမှန်ဖြစ်စေပြီး မျိုးဥကြွေတဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်။ မိန်းမတွေမှ မဟုတ်ပါဘူး။ အဖေဖြစ်ချင်တဲ့ ကိုကိုတွေအတွက်ကလည်း အရက်ဟာ မျိုးမအောင်တဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။
၆။ ခေါင်းကို ထိခိုက်ဒဏ်ရာရပြီးကာစအချိန်

ခေါင်းကို ထိခိုက်ဒဏ်ရာရပြီးကာစမှာ ဦးနှောက်ဟာ အရမ်းကို ထိရှလွယ်ပါတယ်။ အရက်နည်းနည်းလေးသောက်တာနဲ့တောင် ပြန်လည်သက်သာဖို့ နှောင့်နှေးတာ ၊ အအိပ်အစားမမှန်တာ ၊ သင်ကြားမှုပြဿနာတွေရှိနိုင်တာအပြင် လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေလည်း ဖြစ်နိုင်ပါတယ်။တချို့လူတွေမှာဆို ဦးခေါင်းထိခိုက်ပြီးနောက်ပိုင်းမှာ အရက်သောက်ရင် ပိုပြီးတော့မှ မူးလွယ်တာ ၊ စိတ်ကယောက်ကယက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်တတ်တာမျိုးတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
၇။ သန္ဓေအောင်ဖို့ ကုသမှုခံယူနေတဲ့အချိန်

အရက်သောက်သုံးခြင်းဟာ ဖန်ပြွန်သန္ဓေနဲ့ ကလေးရယူဖို့ ကြိုးစားတာကိုပါ အခက်အခဲဖြစ်စေပါတယ်။ ကိုယ်ဝန်ရသွားရင်တောင် ကြာကြာမခံ ဖြစ်တတ်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်ကို လေးခွက်ပဲသောက်တယ်ဆိုဦးတော့ အမျိုးသမီးတစ်ဦးအနေနဲ့ ကလေးအောင်မြင်စွာမွေးဖွားနိုင်ချေ ကျဆင်းပါသတဲ့။ အဖေရော အမေရော သောက်တယ်ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။
၈။ ကိုယ်ဝန်ဆောင်ထားတဲ့အချိန်

ခန္ဓာကိုယ်ရဲ့ အရက်ကိုတုံ့ပြန်ပုံအရ ကိုယ်ဝန်ဆောင်ထားချိန်မှာ အရက်သောက်တဲ့အခါ သန္ဓေသားရဲ့ ဦးနှောက်ထဲကို အရက်ရောက်ရှိနှုန်းဟာ ကိုယ်ဝန်သည်ရဲ့ ဦးနှောက်ထဲကို ရောက်တဲ့ပမာဏထက်တောင်မှ ပိုမိုများပြားပါတယ်။ ဒီအခါ မွေးလာတဲ့ကလေးမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်လည်း အရက်ပမာဏဘယ်လောက်ဟာ ကိုယ်ဝန်သည်အတွက် စိတ်ချရသလဲဆိုတဲ့အဖြေကို မရှာဖွေနိုင်ကြသေးပါဘူး။ ဒါကြောင့် ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ အရက်ကို လုံးဝရှောင်ပါ။ ဖြတ်ပစ်ပါ။
၉။ လေဖြတ်ရာက ပြန်သက်သာစအချိန်

နောက်ထပ်လေဖြတ်တာမျိုးမဖြစ်ရအောင် ပေးလေ့ရှိတဲ့ဆေးတချို့ဟာ အရက်နဲ့ မတည့်ပါဘူး။ဥပမာ Warfarin တို့လို သွေးကျဲဆေးမျိုးတွေပေါ့။ လေဖြတ်ထားခြင်းကလည်း အရက်ရဲ့ ဆိုးကျိုးတွေကို ပိုခံစားရစေပါတယ်။ အအိပ်အစား မမှန်တာ ၊ ဒယီးဒယိုင်ဖြစ်တာ နဲ့ စကားပြော လေးလံတာ မပီသတာ စသဖြင့်ပါ။ သွေးယိုစိမ့်မှုဖြစ်တဲ့အထိ လေဖြတ်တာဆိုရင်တော့ အရက်ကို ရက်သတ္တပတ်ပေါင်းများစွာ ဖြတ်ပစ်ဖို့ လိုပါမယ်။
၁၀။ ကလေးနို့တိုက်နေရတဲ့အချိန်

အရက်သောက်ထားတဲ့အခါ သင့်ရဲ့ နို့ရည်ထဲမှာ ရှိတဲ့အရက်ပမာဏဟာ သွေးထဲမှာရောက်နေတဲ့ပမာဏနဲ့ အတူတူလောက်ပါပဲ။ ဘယ်လိုပမာဏမျိုးဖြစ်ပါစေ ကလေးရဲ့ ဖွံ့ဖြိုးမှု ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ အိပ်စက်မှုပြဿနာတွေကို ကြုံတွေ့စေမှာပါ။ တခွက်တလေသောက်ထားမိရင်တောင် ကလေးကို နို့တိုက်ဖို့ ၂ နာရီ ၃ နာရီလောက် စောင့်ရပါမယ်။ ပိုများများသောက်လေ နို့ပြန်တိုက်ဖို့ရာ ကြာကြာစောင့်ဖို့ လိုလေပါပဲ။
Source: OnDoctor