By-Jae
အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့် ရပ်နားခြင်း ကန့်သတ်ချက်ကို ဩဂုတ်လကုန်အထိ ထပ်မံ တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင်လ (၂၈) ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ယခုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ပြီး လာမည့် ဩဂုတ်လ (၃၁) ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ရက်ထပ်မံ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 တွင်ရှိသော ပြည်တွင်းလေကြောင်းလိုင်း ခရီးစဥ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျက် ရှိသည်။
COVID-19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် ခရီးသည်များအနေဖြင့် လေဆိပ်အတွင်းတွင် ချမှတ်ထားသော ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာ ဆောင်ရွက်ပေးကြရန်လည်း အသိပေး ကြေညာထားသည်။
မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရန် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) မှစ၍ အပြည်ပြည်ဆိုင်ရာ ခရီးသည်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့် ရပ်နားခြင်း စတင်ရပ်ဆိုင်းခဲ့ပြီး ကာလအားဖြင့် (၄) လ ကြာမြင့်ပြီ ဖြစ်သည်။
