By-Jae
Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် လပေါင်းများစွာ ပိတ်သိမ်းပြီးနောက် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်စတင်ရန် သဘောတူလိုက်ကြောင်း ဗီယက်နမ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဇူလိုင်လ ဒုတိယပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်နှင့် တရုတ်လေကြောင်းအာဏာပိုင်များအနေဖြင့် လေယာဉ်ခရီးစဉ်များကို မည်သည့်အချိန်တွင် စတင်မည်၊ အကြိမ်ရေ မည်မျှ ပျံသန်းပြေးဆွဲမည် စသည့် အချက်အလက်များကိုမူ ထပ်မံ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
သို့ရာတွင် ဗီယက်နမ်နိုင်ငံကို သွားရောက်မည့် သူများအနေဖြင့် မဖြစ်မနေ ၁၄ ရက် Quarantine ဝင်ရမည် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဗီယက်နမ်နိုင်ငံသည် Covid-19 ကူးစက်သူပေါင်း ၄၁၂ ယောက် ရှိခဲ့သော်လည်း ယခုအချိန်အထိ သေဆုံးမှုများ မတွေ့ရှိရသေးသဖြင့် အခြားနိုင်ငံများထက် စီးပွားရေးကို ပြန်လည် စတင်နိုင်ခဲ့သည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်ရေးမဟာမိတ်နိုင်ငံတွေများ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဗီ ယက်နမ်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား ၁၈ သန်းအနက် သုံးပုံတစ်ပုံသည် တရုတ်ခရီးသွားများ ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်အနေဖြင့် ပြည်တွင်းတွင် Covid-19 ရောဂါပိုးကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိခဲ့သည့် ဖေဖော်ဝါရီလမှစ၍ နိုင်ငံသို့ ဝင်ခွင့်၊ ထွက်ခွင့်များ ပိတ်ထားခဲ့ပြီး ယခုအချိန်မှသာ တရုတ်စီးပွားရေးဆိုင်ရာ လေကြောင်းလိုင်းများကို စတင် ၀င်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။