By - WMMH (Mizzy)
ယနေ့ခေတ်တွင် မှိုအမျိုးအစားပေါင်းများစွာသည် အိမ်ရှင်မများ၏ ဈေးခြင်းတောင်းထဲတွင် နေရာယူလာကြပါသည်။ မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများ ရှိသကဲ့သို့ စားသုံးမိပါက လူကို အဆိပ်သင့်နိုင်သော မှိုများစွာလည်း ရှိပါသည်။
အဆိပ်ရှိမှိုများအနက် တစ်ချို့မှာ လူကို ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။
မှိုဆိပ်သင့်ခြင်းကို သိနိုင်မည့် လက္ခဏာများမှာ - မှိုစားသုံးပြီး မိနစ် (၂၀) မှ (၄) နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ပါ ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ပြီး စိတ်အာရုံ ခြောက်ခြားခြင်း၊ အလွန်အမင်းနိုး ကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်း စသည်တို့ ဖြစ်စေနိုင်ပါသည်။
အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှု အတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ် ( ဥပမာ - Cyclopeptides, Gyromitrin, Orellanine, Muscarine ) ပမာဏ၊ စားသုံးမိတဲ့သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားတို့ အပေါ်တွင်လည်း မူတည်ပါသည်။ ဘိုးဘွားများနှင့် ရောဂါအခံ ရှိသူများထံ မှိုအဆိပ်သင့်ရပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။
မိမိမစားဖူးသော မှိုအမျိုးအစားများကို လုံးဝမစားသုံးခြင်းက မှိုဆိပ်သင့်ခြင်းကို အကောင်းဆုံး ကာကွယ်နိုင်သော နည်းလမ်းပင် ဖြစ်ပါသည်။
မှိုဆိပ်သင့်သော လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ သို့မဟုတ် ကျန်မာရေးဌာနများကို အလျင်အမြန် ပို့ဆောင်ပြီး ကုသမှုခံယူသင့်ပါသည်။
Source from MOHS