By-WMMH (Mizzy)
ကန်တော်ကြီး ပတ်လမ်း (နတ်မောက်လမ်း) မှာရှိတဲ့ ဗိုလ်ချူပ်ပန်းခြံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဗိုလ်ချူပ်ကြေးရုပ် သွန်းလုပ်ခဲ့တဲ့ ပန်းခြံဖြစ်ပြီး သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အရင်က ကြေးရုပ်တစ်ခုပဲ ရှိပြီး ဝင်ရောက်အနားယူလို့ ရတဲ့ နေရာမျိုး မရှိခဲ့ပေမယ့် အခု ပြန်လည်မွမ်းမံလိုက်ပြီး ပန်းပင်များ ထိုင်ခုံတန်းများနဲ့ ပန်းခြံအကြီးကြီး တစ်ခုသဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
၁၉၁၀ ခုနှစ် ပတ်ဝန်းကျင်က ဗိုလ်ချူပ်ပန်းခြံကို " ဒါလဟိုဇီပန်းခြံ " ဟု ခေါ်တွင်ခဲ့ပြီး မူလရှိခဲ့သော ရုပ်တုမှာ ဗြိတိန်နိုင်ငံရဲ့ (၇) ယောက်မြောက် အက်ဒ်ဝပ်ဘုရင်ရုပ်တု ဖြစ်ခဲ့ပါတယ်။ ရုပ်တုနဲ့အတူ တိုင်များနဲ့ ခန့်ညားတဲ့ အဆောက်အဦးတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၃၀ ခုနှစ်မှာတော့ ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းမင်းတရားကို ဂုဏ်ပြုတဲ့အနေနဲ့ " အောင်ဇေယျပန်းခြံ " လို့ ခေါ်တွင်စေခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တို့က ဘုရင်အက်ဒ်ဝပ်ရဲ့ ရုပ်တုကို ဖယ်ရှားပစ်လိုက်ပြီး "Victory Earth” (အောင်မြေ) လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ပြန်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာတော့ ဒီနေရာကို " ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ " လို့ ပြောင်းလဲခေါ်ဆိုခဲ့ပြီး ပထမဦးဆုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ထားရှိဖို့ အကြံပေါ်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ အမြင့် ၈ ပေ ၁၄ လက်မရှိပြီး ရုပ်တုအောက်ခံခုံတွင် ’’ ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ၁၂၇၆ ခုတပေါင်းလဆန်း ၁ ရက်၊ ကျဆုံးနေ့ ၁၃၀၉ ခု ဝါခေါင်လဆန်း ၂ ရက်’’ ဟု မြန်မာသက္ကရာဇ်နှင့် လအမည်၊ ရက်တို့ကို ရေးထိုးထားပါတယ်။
အဆိုပါ ကြေးရုပ်တုဖွင့်ပွဲကို ၁၉၅၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့ ၊ ဗိုလ်ချုပ် အနှစ် ၄၀ မွေးနေ့တွင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့ပါတယ်။
နှစ်အတန်ကြာပြီးနောက် အနည်းငယ် ပျက်ဆီးယိုယွင်းနေသည်များကို ပြန်လည်ပြုပြင်ပြီး ယမန်နေ့ (၁၃.၇.၂၀၂၀) နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။