Health

အချိန်မီ မကုသပါက မျက်စိကွယ်သည်အထိ အန္တာရယ်ရှိသော မျက်ခမ်းစပ်ရောဂါ

Read 884 times

By - WMMH (Mizzy)

 

မျက်ခမ်းစပ်ရောဂါ ( Trachoma ) သည် ဘက်တီးရီးယားရောဂါပိုး (Chlamydia Trachomatis) ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက မျက်စိကွယ်စေနိုင်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။

အဆိုပါ မျက်ခမ်းစပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိပြီး အသက် (၁၀) နှစ်အောက် ကလေးငယ်များတွင် ပိုအဖြစ်များသည်။ 

ရောဂါကူးစက်မှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်သော်လည်း တစ်ကြိမ်ဖြစ်ပြီးပါက အကြိမ်ကြိမ် ပြန်လည် ဖြစ်ပွားနိုင်သောကြောင့် အသက်အရွယ် ကြီးလာသည်နှင့်အမျှ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သော မျက်စိကွယ်ခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။

များသောအားဖြင့် ရောဂါပိုးရှိသော မျက်စိကို ထိတွေ့ထားသော မသန့်ရှင်းသောလက်၊ ယင်ကောင်၊ မျက်နှာသုတ်ပဝါ သို့မဟုတ် လက်ကိုင်ပဝါတို့မှတစ်ဆင့် အခြားသူ၏ မျက်စိကို ထိတွေ့မိရာမှ အဆင့်ဆင့် ရောဂါ ဆက်လက် ကူးစက်တတ်ပါသည်။

မျက်ခမ်းစပ်ရောဂါလက္ခဏာများမှာ - 

  • မျက်စိနီရဲ၍ နာခြင်း၊ 
  • မျက်မြှေးများနီရဲခြင်း၊ 
  • ခိုးလို့ခုလုဖြစ်ခြင်း၊
  • မျက်ဝတ်များ ထွက်ခြင်း

စသဖြင့် ဖြစ်တတ်ပါသည်။

အိမ်တွင် မျက်ခမ်းစပ်ရောဂါရှိ လူနာ၏ မျက်စိကို ရေနွေးနွေး၊ ဂွမ်းတို့ဖြင့် သန့်စင်ပေးနိုင်ပါသည်။ မသန့်စင်မီနှင့် သန့်စင်ပြီးတိုင်းတွင် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ပြန်လည်ဆေးကြောပါ။ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပေးပါ။ 

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ရေကောင်းရေသန့်ရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ဖြင့် ရောဂါကူးစက်ပြန်ပွားမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ပါသည်။

မျက်ခမ်းစပ်‌ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ မျက်စိကုသရေးဌာနတွင် မပျက်မကွက် ပြသ၍ ကုသမှု ခံယူသင့်ပါသည်။

စောစီးစွာ သိရှိခြင်း၊ အချိန်မီကုသမှုခံယူခြင်းများ ပြုလုပ်ပါက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မျက်ခမ်းစပ် ရောဂါကင်းဝေးရေး (Trachoma Elimination) ရည်မှန်းချက် ရရှိတော့မည် ဖြစ်ကြောင်း MOHS က ထုတ်ပြန်ထားသည်။

Bookmark