Health Yangon Trend

ရန်ကုန်ရှိ မြို့နယ် (၇) ခုတွင် နေထိုင်သူများ အိမ်အပြင်မထွက်ရန် အမိန့်ထုတ်ပြန်

Read 2500 times

Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) ခုတွင် နေထိုင်သူများအနေဖြင့် Stat at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
 
တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် နေထိုင်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး ( Stay at Home ) အစီအစဉ်တွင် ပါဝင်ပြီး ယနေ့ညနေ ၆ နာရီတွင် ယခုအမိန့် စတင်သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရမည့် စည်းကမ်းများ

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)
(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရမည် ဖြစ်သည်။ 

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

Bookmark