Business Careers & Jobs

၂၀၂၄ ခုနှစ်တွင်  ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ၇ ဆထိ မြင့်တက်လာမည်

Read 696 times

အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ ဖုန်းဖြင့် အင်တာနက် အသုံးပြုသူဦးရေသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ၇ ဆအထိ မြင့်တက်လာနိုင်ကြောင်း Ericsson Mobility Report June 2019 မှ သိရသည်။

အဆိုပါ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် မိုဘိုင်းလ်ဖုန်းသုံးစွဲသူ စုစုပေါင်းသည် သန်းပေါင်း ၁,၂၀၀ ထိ ရှိလာနိုင်ပြီး ဖုန်းဖြင့် လစဉ်ဒေတာ အသုံးပြုမှုပမာဏသည်လည်း 3.6 GB မှ 17 GB အထိ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

ထိုသို့ ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ များပြားလာရခြင်းမှာ အွန်လိုင်းပေါ်မှတစ်ဆင့် ဗီဒီယိုများ တိုက်ရိုက် ကြည့်ရှုခြင်း၊ အကြောင်းအရာများ မျှဝေခြင်း စသည့် အချက်များကြောင့် ဖြစ်ပြီး 5G သုံးခွင့်ရပါက ယခုထက်ပို၍ အသုံးပြုလာကြမည် ဖြစ်ကြောင်း Head of Ericsson Myanmar ဖြစ်သူ Eric Timmer က ပြောသည်။

လက်ရှိတွင် 4G အသုံးပြုသူဦးရေသည် ၄၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းထိ တိုးလာနိုင်သကဲ့သို့ အချို့နိုင်ငံများတွင် 5G ကွန်ယက်ကို စတင် ဝန်ဆောင်မှုပေးနေပြီ ဖြစ်သောကြောင့် 5G အသုံးပြုသူများလည်း ပိုမို မြင့်တက်လာနိုင်သည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် 5G အသုံးပြုမှု ၁၀ သန်းကျော်ထိ တိုးလာနိုင်ပြီး ၂၀၂၄ ခုနှစ် ရောက်သည့်အခါ ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို 5G ကွန်ရက် ဝန်ဆောင်မှု ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ 

5G ကွန်ယက်ကို အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများတွင် ၆၃ ရာခိုင်နှုန်း၊ ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံ အပါအဝင် အရှေ့မြောက်အာရှဒေသနိုင်ငံများတွင် ၄၇ ရာခိုင်နှုန်းနှင့် ဥရောပတွင် ၄၀ ရာခိုင်နှုန်း ရရှိနိုင်မည် ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

Ericsson Mobility Report June 2019 တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ်ဒေတာ အသုံးပြုမှုသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၈၂ ရာခိုင်နှုန်းထိ ဆက်လက် တိုးတက်လာနေကြောင်း ဖော်ပြထားသည်။

Su Mon Oo ( Mine )

Bookmark