Business

ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို

Read 918 times

ကိုရီးယားသမ္မတနိုင်ငံ MCM Power Company မှ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင်ကျေးရွာရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် IPP (BOT) စနစ်ဖြင့် မဂ္ဂါဝပ် ၄၀ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" လျှပ်စစ်ကဏ္ဍမှာ အခုနောက်ဆုံးခွင့်ပြုခဲ့တာကတော့ ပြည်မြို့နယ် ရွှေတောင်စက်မှုဇုန်မှာရှိတဲ့ ဂက်စ်တာဝါတိုင်ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၄၀ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပါပါတယ်။ ဆက်လက်ပြီးတော့လည်း လျှပ်စစ်ကဏ္ဍမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကို ဆက်ပြီးတင်ပြဦးမယ့် ပရောဂျက်တွေရှိပါသေးတယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိပြီး ယင်းနိုင်ငံများမှာ ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ်တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍကို အားပေးနေခြင်းကြောင့် ယခုလဆန်းပိုင်းတွင်လည်း ရန်ကုန်နှင့်ကျောက်ဖြူတွင် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် သာကေတဓာတ်အားပေးစက်ရုံတွင် ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၆၃ ဒသမ ၀၇၀ သန်း ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည် ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအုပ်စု၊ ကံတီကွင်း၊ ကွင်းအမှတ် (၄၅၃)တွင်လည်း ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၀ သန်း ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ လျှပ်စစ်ကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၅,၆၂၃ ဒသမ ၆၇ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

MOI

Bookmark