Food & Drinks

လွယ်လွယ်ကူကူ ကွတ်တီယိုပြုတ်နဲ့ ကွတ်တီယိုသုပ် လုပ်နည်း

Read 4577 times

ကွတ်တီယိုအပြုတ်နဲ့အသုပ်ဟာ လူကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ထမင်းမစားချင်တဲ့အခါမျိုးမှာလည်း ကွတ်တီယိုတစ်ပွဲစားလိုက်ရင် ဗိုက်ပြည့်စေပါတယ်။ စားလို့လည်း ကောင်းတာမို့ အိမ်မှာချက်စားချင်ရင် အဆင်ပြေအောင် ချက်နည်းလေး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(ငါးယောက်စာ) အတွက် ပါဝင်ပစ္စည်းများ

ကြက်ရိုးကြက်သား -၂၀ သားခန်.
ယိုးဒယားကွတ်တီယိုခေါက်ဆွဲ - တစ်ထုပ်
ကြက်သွန်နီ -တစ်လုံး (ပါးပါးလှီး)
ကြက်သွန်ဖြူ - တစ်လုံး(ပါးပါးလှီး)
ငရုတ်ကောင်းမှုန်.- လ္ဘက်ရည်ဇွန်း ၁ ဇွန်း
နံနံပင်ရိုး - ဆယ်ပင်(နုတ်နုတ်စဉ်း)
ဆား - စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား - စားပွဲတင်ဇွန်း ၁ဇွန်း
ငံပြာရည် - ၄ ဇွန်း
ခရုဆီ - ၂ ဇွန်း
ကြက်သားမှုန့် - ၂ ဇွန်း
ယိုးဒယားငါးအသားချောင်း/လုံး - အထုပ်တစ်ဝက်
ယိုးဒယားဂဏန်းအသားချောင်း - အထုပ်တစ်ဝက်
ပဲပင်ပေါက် - အနည်းငယ်
ကန်ဇွန်းရွက် - တစ်စည်း
မြေပဲထောင်း - အနည်းငယ်
ငရုပ်သီးရှာလကာရည် - တစ်ပန်းကန်
ကြက်သွန်ဖြူကြော် - အနည်းငယ်
ဆီချက် - အနည်းငယ်

ချက်ပြုတ်နည်း

၁။ ဒန်အိုးထဲ ရေ ၂ လီတာခန်.ထည့်ပြီး ကြက်ရိုးကြက်သားပြုတ်ပေးပါ။
၂။ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊နံနံပင်ရိုးနှင့်ငရုတ်ကောင်းမှုန်.တို.ကို ထောင်းပြီး ကြက်ပြုတ်ရည်အိုးထဲထည့်ပါ။
၃။ ဟင်းရည်အိုးပွက်ပွက်ဆူလာရင် အသားချောင်းတွေ ထည့်ပါ။အရသာအတွက် ဆား၊ငံပြာရည်၊ကြက်သားမှုန်.၊သကြား၊ခရုဆီထည့်ပြီး တည်ပေးပါ။
၄။ ကြက်သားနှင့်အသားချောင်းများနူးပြီး အရသာအနေတော်ဖြစ်လျှင် မီးပိတ်လိုက်ပါ။
၅။ အိုးထဲက ကြက်သားများကို ဆည်ပြီး အသားနွှင်ထားပါ။
၆။ ကန်စွန်းရွက်နှင့် ပဲပင်ပေါက်ကို ရေနွေးဖျောပါ။
၇။ ရေဆူဆူမှာ ခေါက်ဆွဲပြုတ်ပြီး ရေစစ်ထားပါ။

ကွတ်တီယိုအပြုတ် ပြင်ဆင်နည်း

ပန်းကန်ထဲသို့ ခေါက်ဆွဲ၊ကန်စွန်းရွက်၊ ပဲပင်ပေါက်ထည့်ပါ။ အပြုတ်ရည်ကို လိုသလောက်ကို အသားချောင်းတွေပါအောင် ခပ်ထည့်ပါ။

ပြီးရင် ကြက်သား၊ ငရုတ်သီးရှာလကာရည်၊ မြေပဲထောင်း၊ကြက်သွန်ဖြူကြော် သကြားအနည်းငယ်ထည့်ပြီး အရသာရှိတဲ့ ကွတ်တီယိုအပြုတ်ကို သုံးဆောင်နိုင်ပါပြီ။ အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန်.ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ကွတ်တီယိုအသုပ်ပြင်ဆင်နည်း

ပန်းကန်ထဲသို့ ‌ခေါက်ဆွဲ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မြေပဲ၊ ကြက်သား၊ အသားချောင်း ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ကြက်သားမှုန်.၊ငံပြာရည်၊ငရုတ်သီးရှာလကာရည်၊ ကြက်သွန်ဖြူဆီချက်၊ငရုတ်သီးအကျက်မှုန့်နဲ့ သမအောင်ရောနယ်ပြီး အရည်သောက်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Kyaw Min Htwe

Bookmark