Health Travel

ပြည်ဝင်ခွင့်ဗီဇာအားလုံးကို မတ်လ ၂၉ ရက်မှ ဧပြီလ ၃၀ ရက်ထိ ယာယီရပ်ဆိုင်း

Read 882 times

ကိုရိုနာဗိုင်းရပ်စ် ( Covid-19 ) ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားအားလုံးအပေါ်  ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များ ချမှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်ပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) နိုင်ငံခြားသားအားလုံးအား ( မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ၊ သင်္ဘောအရာရှိများ တာဝန်ရှိအမှုထမ်းများမှလွဲ၍ ) လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း။ 

(ခ) အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပ ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား ( သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများမှအပ ) ဗီဇာကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းခြင်း။ 

(ဂ) မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ ရုံး/ကောင်စစ် ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည် ဖြစ်သည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်ပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော ( ၇၂ ) နာရီ မတိုင်မီက ရရှိထားသည့် Covid-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသရန် လိုအပ်ပြီး မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု ( Home Quarantine ) ပြုလုပ်သွားမည် ဖြစ်သည်။

(ဃ) မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/ သင်္ဘောအရာရှိများ၊ တာဝန်ရှိအမှုထမ်းများအနေဖြင့်လည်း ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာ သံရုံးအဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည် ဖြစ်သည်။ 

၎င်းတို့အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်သည်။ 

သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ ( သို့ ) အရေးပေါ်တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံးအဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Su Mon Oo ( Mine )
Source : MOFA

 

Bookmark