Health

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ (Toxoplasmosis) ကို ဘယ်လိုကာကွယ်မလဲ

Read 1021 times

By-WMMH (Mizzy)

Toxoplasma gondii ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တဲ့ Toxoplasmosis ရောဂါဟာ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနဲ့ ခုခံအားကျဆင်းနေသူများကို ကူးစက်မိပါက ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာ ခံစားရစေနိုင်ပါတယ်။

ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ - 

  • ကြောင်၏မစင် (သို့မဟုတ်) မစင်ပါဝင်သော မြေကြီးအား ကိုင်တွယ်ထားသောလက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသောလက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊
  • ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများစားခြင်း၊
  • ကပ်ပါးပိုးပါဝင်သည့် မသန့်ရှင်းသည့်ရေအား သောက်သုံးခြင်း၊
  • ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊
  • ကိုယ်အင်္ဂါအစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်း

စသဖြင့် ကူးစက်စေနိုင်ပါတယ်။

 

‌ရောဂါကူးစက်ခံရသူတိုင်း ရောဂါလက္ခဏာ ပြလေ့မရှိပေမယ့် တစ်ချို့မှာ

  • ဖျားခြင်း၊
  • ကြွက်သား နာကျင်ခြင်း၊
  • ပြန်ရည်ကျိတ်များကြီး၍ အောင့်ခြင်း၊ 
  • အမြင်ဝေဝါးခြင်း၊
  • အလင်းအား ကြည့်မိပါက မျက်လုံးနာကျင်ခြင်း၊
  • မျက်စိကွယ်ခြင်း၊
  • မျက်စိနီရဲခြင်း

စသည်တို့ကို ခံစားရတတ်ပါတယ်။

 

ရောဂါ ပြင်းထန်စွာ ခံစားရရင် ဦးနှောက်၊ မျက်လုံးနှင့် ကိုယ်တွင်းအင်္ဂါများကိုလည်း ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်နော်။ 

 

ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ...

  • အိမ်မွေးကြောင်များ၏ မစင်များကို စနစ်တကျ ဆေးကြောခြင်း သို့မဟုတ် စွန့်ပစ်ခြင်း၊
  • ကြောင်မစင်များ၊ မြေကြီးများနှင့် အသားစိမ်းငါးစိမ်းများအား ကိုင်တွယ်မိပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့် (၂၀)ခန့် သေချာစွာ စနစ်တကျ ဆေးကြောခြင်း၊ 
  • အသားငါးများကို ကျက်အောင် ချက်၍ စားသုံးခြင်း၊
  • ရေကို ကျိုချက်၍ သောက်ခြင်း၊
  • အစားအသောက်များအား သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်း

စသဖြင့် ကာကွယ်နိုင်ပါတယ်။

အိမ်မွေးကြောင်များနှင့် ထိတွေ့လေ့ရှိသူများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျဆင်း နေသူများအနေဖြင့် ဖော်ပြပါ ရောဂါလက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြီး  ကုသမှု ခံယူသင့်ပါတယ်နော်။

Bookmark