Travel

ရှည်ကြာလွန်းသော ကိုဗစ်ကာလကြောင့် Sule Shagri-La ဟိုတယ် ယာယီ ပိတ်သိမ်း

Read 879 times

Photo : Tripadvisor 

ရန်ကုန်မြို့၊ ဆူးလေမီးပွိုင့်အနီးရှိ Sule Shangri-La Hotel ကို (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာ ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း Shangri-La Hotel ၏ တရားဝင် ကြေညာစာတွင် ပြောကြားချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ခရီးသွားလာခြင်းများအား ယာယီကန့်သတ် ပိတ်သိမ်းထားခဲ့ရာ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများသည်လည်း ကာလရှည်ကြာစွာ ရပ်နားနေရသည်။ 

ကိုဗစ်စတင်ချိန်မှ စကာ (၁၀)လတိုင် ခရီးသွားလုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်အသေးစားများနှင့် ခရီးသွားအေဂျင်စီ အများစု ပိတ်သိမ်းထားခဲ့ရပြီး ယခုတွင် ဟိုတယ်အကြီးစားများပါ ယာယီပိတ်သိမ်းလာကြခြင်း ဖြစ်သည်။ 

Sule Shangri-La Hotel ကို ဖေဖော်ဝါရီလမှ စတင်ကာ ယာယီပိတ်သိမ်းသွားမည် ဖြစ်ပြီး (၈)လခန့် ယာယီပိတ်သိမ်းကာ (၂၀၂၁) ခုနှစ်၊ နောက်ဆုံးလများတွင်မှ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဟိုတယ်မှ ခန့်မှန်းပြောဆိုထားကြောင်း သိရသည်။ 

Shangri-La ရှိ ဝန်ထမ်းများ အားလုံးကိုလည်း ဟိုတယ်ဘက်မှ တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ပြီး Shangri-La အနေဖြင့် Sule Square Mall & Office နှင့် Shangri-La Residences တို့ကိုမူ ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရသည်။ 

ကိုဗစ်ပထမလှိုင်း ကတည်းက ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် သုညသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကာလရှည်ကြာ လာသည်နှင့်အမျှ ပိုမိုအထိနာရန်သာ ရှိတော့သည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ဆိုခဲ့သည်။ 

Source from Myanmar Harp Media, Myanmar Tourism Update New

Bookmark