Yangon Trend

ရန်ကုန်တိုင်းသို့ Stay at Home မြို့နယ်များမှ ဝင်ရောက်လျှင် (၁၀) ရက် ကန့်သတ်ထားရှိမည်

Read 1054 times

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသူများကို အသွားအလာ ၁၀ ရက် ကန့်သတ်ထားရှိမည်ဖြစ်ပြီး သုံးရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ်၊ ခုနစ်ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်းနှစ်ကြိမ် စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေးကော်မတီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များအား မြို့အဝင်၊ အထွက်ဂိတ်များတွင် သွေးတွင်း အောက်စီဂျင်တိုင်းတာခြင်းကို ဆောင်ရွက်ခြင်း၊ SpO2 ၉၂ ရာခိုင်နှုန်းနှင့် ၎င်းအောက်ရှိပါက RDT ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်က ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွားပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းရေးသွင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးရေး ဂိတ်များတွင် COVID-19 Positive လူနာများ တွေ့ရှိပါက လှည်းကူးဆေးရုံနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ကုသရေး စင်တာများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူရမည်ဖြစ်သည်။
 
ကိုဗစ်(၁၉) ရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့ခဲ့သော Contact Personများကို လှည်းကူးဆေးရုံ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ကုသရေးစင်တာနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များသို့ Community Based Facility Quarantine Center များသို့ပို့ဆောင်၍ သွားလာမှုကန့်သတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
စည်းကမ်း ဖောက်ဖျက်သော ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နောက်တစ်ကြိမ် လာရောက်ခွင့်ပိတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
Stay at Home မြို့နယ်အဖြစ် ပဲခူးတိုင်းဒေသကြီးရှိ ဖြူးမြို့နယ်ကို ဇွန် ၂၁ ရက်က ထပ်တိုးကြေညာခဲ့ပြီး လက်ရှိ Stay at Home မြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တမူးမြို့နယ်နှင့် ကလေးမြို့နယ်၊ ချင်းပြည်နယ်တွင် တွန်းဇံမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ဖြူးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။
 
 

Bookmark