Yangon Trend

ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်( Sky Net ) တို့ပူးပေါင်း၍ အင်းလျားလိတ် ကိုဗစ်စင်တာ ဆောက်လုပ်မည်

Read 608 times

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Sky net) တို့က ဦးဆောင်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကနဦး မတည်ကာ (၅၅၉) ခုတင် ပါဝင်သည့်   အင်းလျားလိတ် ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင်  တည်ဆောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်လူနာ (၆၅၀) အထိ လက်ခံကုသပေးမည့် အင်းလျားလိတ် ကိုဗစ်စင်တာ တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း (၇၀၀၀) ကို ကမ္ဘောဇဘဏ်ကလည်းကောင်း၊ ငွေကျပ်သိန်း (၃၀၀၀) ကို ရွှေသံလွင်ကုမ္ပဏီ (Skynet) မှ လည်းကောင်း ကနဦးမတည်လှူဒါန်းမည်ဖြစ်သည်။ ထို့အတူ Yangon Convention Center ကုမ္ပဏီမှလည်း YCC ခန်းမအား အင်းယားလိတ်ကိုဗစ်စင်တာ ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရသည်။

ယခုစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့်စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit ခုတင် ၁၆ ခုပါဝင်မည်ဖြစ်သည်။

စင်တာတွင် လိုအပ်လာမည့် တစ်ကိုယ်ရေသုံး ဆေးဝါးများနှင့် အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျပြင်ဆင်ထားသည့်အပြင် ဆရာဝန်များ၊ ဆေးဘက်ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများ အတွက် သီးသန့်အဆောက်အအုံများ တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယခုစင်တာတွင် လိုအပ်ပါက အဆောင်များတိုးချဲ့ကာ ခုတင် ၁၀၀၀ အထိ  ထားရှိသွားရန် လျာထားကြောင်း သိရသည်။

အင်းလျားလိတ်ကိုဗစ်စင်တာကို ကနဦးမတည်၍ ဦးဆောင်လှူဒါန်းသော ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်မတွေ့ရှိမီ ဖေဖော်ဝါရီလမှ စတင်ကာ စက်တင်ဘာ (၂၉) ရက်အထိ   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် (၇၃၄၆၆) သိန်း လှူဒါန်းထားပြီး ဖြစ်ကြောင်းသိရှိရသည်။ 

 

Bookmark