ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့သည်ဟုသိရှိရသည်။ သို့သော် အဆိုပါမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်း အဖြစ် ဖြတ်ကျော်မည်ဖြစ်သည်။
ထိုမုန်တိုင်းအရှိန်ကြောင့် (၂၂.၉.၂၀၂၀)ရက်နေ့အတွင်း
နေပြည်တော်
မန္တလေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ရန်ကုန်တိုင်းဒေသကြီး
ဧရာဝတီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ရှမ်းပြည်နယ်(တောင်ပိုင်း)
ရခိုင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများလည်းဖြစ်ပေါ်နိုင်သည်။
အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မုန်တိုင်းငယ်ကြောင့်
မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်း
လေပြင်းတိုက်ခတ်ခြင်း
လျှပ်တစ်ပြက်ရေကြီးခြင်း
မြေပြိုခြင်းများ
ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများနှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်တို့ကို ကြိုတင်သတိပြုနေထိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်ကြေညာထားသည်။