ကိုဗစ်လူနာများ တိုးတက်များပြားလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်စင်တာများအား ပိုမိုဖွင့်လှစ်လျက်ရှိသည်။ ယခုအခါတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ Fortune Plaza အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် Happy Covid Center အဖြစ်ပြင်ဆင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စင်တာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် We love Yangon အဖွဲ့၊ Fortune Plaza မှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ စက်တင်ဘာ (၂၈) ရက်မှ စတင်၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး မကြာမီပြီးစီးရန် ခန့်မှန်းထားကြောင်း၊ ကိုဗစ်လူနာ (၆၀၀) မှ (၁၀၀၀) ကြား ထားရှိနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
Fortune Plaza Covid Center တွင် (၂၄ )နာရီ လျှပ်စစ်ဓာတ်အားပေးစနစ်၊ ကောင်းမွန်သည့် Free Wifi၊ လုံလောက်သော Air Condition စနစ်များနှင့် ရေပူရေအေး နှစ်မျိုးသုံး Water Cooler များ၊ စာကြည့်တိုက်၊ ကိုယ်လက် ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများ၊ အနားယူအပန်းဖြေနိုင်သည့် ဧရိယာများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများအတွက် ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ အဝတ်အခြောက်ခံစက်များနှင့် Hair Dryer များကို စီမံဆောင်ရွက်ထားရှိမည်ဖြစ်ပြီး၊ လိုအပ်သည့် သောက်ရေ သန့်များကို ကုသရေးစင်တာပြီးစီးသည်အထိ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စားသောက်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုသရေးစင်တာတွင် အထူးကြပ်မတ်စောင့်ရှောက်မှုအခန်းများ ( HDU / ICU ) များ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း လုံလောက်မှုရှိစေရန် ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။