COVID-19 ဖြစ်ပွားမှုနှင့်ပတ်သတ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်သူ (၁၄) ဦးရှိနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရောဂါပိုးကူးစက်သူများထဲမှ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယနေ့မနက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်းသိရသည်။
လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
COVID-19 ဖြစ်ပွားသူ (၁၀၀) ဦးတွင် (၅) ဦးခန့်သည် သေဆုံးနိုင်ကြောင်း လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ကျန် ရောဂါပိုးကူးစက်သူ (၁၃) ဦး၏ အခြေအနေကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသည့်အတွက် အခြေနေကောင်းမွန်နေသည်ဟု ယူဆရသည်။
ရောဂါပိုးကူးစက်သူ (၁၄) ဦးသည် ရန်ကုန်တိုင်းမှ (၁၀) ဦး၊ မန္တလေးတိုင်းမှ (၁) ဦး၊ နေပြည်တော်မှ (၁) ဦး၊ ချင်းပြည်နယ်မှ (၁) ဦးနှင့် ရှမ်းပြည်နယ်မှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။
Read More >>> ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး (၁၀) နိုင်ငံနှင့် သေဆုံးမှု အများဆုံး (၁၀) နိုင်ငံ
ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူနှင့် သေဆုံးသူဦးရေမှာ လက်ရှိအချိန်ထိ စာရင်းများအရ သေဆုံးသူ (၃၄,၈၁၈) ဦးနဲ့ ကူးစက်ခံရသူ (၇၃၅,၃၈၇) ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကပ်ရောဂါဆိုးကြောင့် သေဆုံးမှုအများဆုံးနိုင်ငံမှာ အီတလီနိုင်ငံဖြစ်နေပြီး ဒုတိယသေဆုံးမှုအများဆုံးနိုင်ငံမှာ စပိန်နိုင်ငံဖြစ်နေကာ ကူးစက်မှုစတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံမှာ တတိယသေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေရာမှာ လက်ရှိအချိန်တွင် အခြေနေပြန်လည်တည်ငြိမ်နေကြောင်းလည်း သိရသည်။
May Thu Thu ( Yangon Directory )