Travel

မြိတ်ခရိုင် ကျွန်းစုခရီးစဉ်ကို ဖွင့်လှစ်ထားသော်လည်း COVID-19 ကြောင့် ခရီးစဉ် ရောင်းချခြင်းမရှိသေး

Read 1002 times

မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် ခရီးသွားလုပ်ငန်းကလည်း အဓိကကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။ ကိုဗစ်ကာလကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရပေမယ့် အစိုးရထုတ်ပြန်ထားသော စည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကျွန်းအခြေခံတဲ့ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း ( Community Based Tourism- CBT ) နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများတဲ့ စမတ်ကျွန်း ရေပေါ်တံတား (Floating Jetty) တို့ကို (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁၀) ရက်မှာ စတင်ဖွင့်လှစ်ခဲ့သော်လည်း လတ်တလောမှာ ခရီးစဉ်တွေကို ရောင်းချခြင်းမရှိသေးဘဲ COVID-19 အလွန်တွင်မှသာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Smart Island – Bailey Island | Mergui Dolphin Travel & Tours (Myeik,  Myanmar)

“မြန်မာနိုင်ငံမှာ CBT အနေနဲ့ ကျွန်းအခြေခံတဲ့ ခရီးသွားလုပ်ငန်းလုပ်တာက ကျွန်တော်တို့က ပထမဆုံးပေ့ါ။ ကျွန်းအခြေခံရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနဲ့ စမတ်ကျွန်းရေပေါ်တံတားတွေကို ဖွင့်လိုက်ပေမယ့် ခရီးစဉ်တွေကတော့ COVID-19 အလွန်မှာ စရောင်းမှာပါ။ တခြားဒေသက လာတဲ့ ဧည့်သည်တွေက Quarantine ဝင်ရတော့ ခရီးစဉ်မရောင်းသေးပါဘူး။ တနင်္သာရီတိုင်းဒေသကြီးအတွင်းကတော့ Quarantine ဝင်စရာမလိုတော့ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ လည်ပတ်လို့ရပါတယ်။ အခုတော့ ဖွင့်စဆိုတော့ လည်ပတ်သူသိပ်မရှိသေးပါဘူး’’လို့ မြိတ်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောကြားခဲ့ပါတယ်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ခဲ့တဲ့ ဒုံးညောင်းမှိုင်း ကျေးရွာက မြိတ်မြို့မှ ရေမိုင် ၄၈ မိုင်ခန့်ကွာဝေးကာ ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်မှာတည်ရှိပြီး Speed Boat ဖြင့် နှစ်နာရီခန့်သွားရတဲ့ ကျွန်းရွာ တစ်ရွာဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်မှုများပြီး မြိတ်ခရိုင်ရဲ့ အဓိက ကျွန်းအပန်းဖြေခရီးစဉ်ဖြစ်တဲ့ ကျောက်စရစ်ကမ်းခြေနှင့် သဲတန်းကမ်းခြေတည်ရှိသော စမတ်ကျွန်းမှာ ရေပေါ်တံတား( Floating Jetty ) တည်ဆောက်ထားတဲ့အတွက် ခရီးသွားဧည့်သည်တွေ ပိုမိုအဆင်ပြေစွာ သွားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဒုံးညောင်းမှိုင်းကျေးရွာ( CBT )မှာ ခရီးသွားဧည့်သည်တွေအနေနဲ့ ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ နှင့် လူမှုဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင်မှာဖြစ်ပါတယ်။

Myeik Archipelago attracts more foreign tourists – Fly in Myanmar

နောက်ပြီး ကျွန်းပေါ်မှာ စက်ဘီးစီးခြင်း၊ ကရွတ်လှေများလှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်းငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပြီး ငါးဖမ်းလုပ်ငန်းလေ့လာခြင်းတွေကို  ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုံးညောင်းမှိုင်းကို အခြေပြုပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေအကြားမှာ ရေပန်းစားနေတဲ့ စမတ်ကျွန်းနှင့် အခြားကျွန်းတွေကို ဒေသခံတွေရဲ့ လမ်းပြမှုနဲ့အတူ မော်တော်ဘုတ်များ၊ Speed Boat များဖြင့် သွားရောက်လည်ပတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ရေပေါ်တံတားက ဧည့်သည်အတက်အဆင်းအဆင်ပြေအောင် လုပ်ထားတာပါ။ အလျားက ၂၈၅ပေ၊ အနံက၇ ပေခွဲ ရှိပါတယ်။ တီပုံစံလုပ်ထားတဲ့တံတားပါ။ ဒီတံတားရှိတော့ ခရီးသည်တွေ ကျွန်းပေါ်တက်ရ၊ ဆင်းရ အဆင်ပြေသွားပါတယ်။ အရင်ကတော့ ရေထဲကနေတက်ရတော့ လှိုင်းရှိတော့ အန္တရာယ်ရှိတယ်’’ လို့ ဒေါက်တာသိန်းဆွေမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Mergui Archipelago Tours | Pro Niti Travel

Bookmark