by Win MM Htay
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်ကြေညာစာအရ အသေးစား၊ အလတ်စား စက်ရုံ အလုပ်ရုံများသည် သတ်မှတ်ချက်များအတိုင်း တိတိကျကျ လိုက်နာပါက အောက်တိုဘာလ (၁၂) ရက်နေ့မှ စ၍ ပြန်လည်ပတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ယင်းအမိန့်ကြေညာစာအား အောက်တိုဘာလ (၁၀) ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး Stay at home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအားလုံးရှိ စက်ရုံ အလုပ်ရုံများအား စနစ်တကျ ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်သည်။
လုပ်သားပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များအား ထိန်းညှိဆောင်ရွက်ရန် လိုအပ်သောကြောင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှလည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ စက်ရုံ၊ အလုပ်ရုံများ ကြပ်မတ် သတိချပ် လိုက်နာရမည့် အချက်များအား ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ညွှန်ကြားချက်များအတိုင်း အတိအကျ ဂရုပြု၍ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့မှ ညွှန်ကြားချက်များ လိုက်နာခြင်း ရှိမရှိကို စနစ်တကျ ကြီးကြပ်စိစစ်သွားမည် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားကြောင်း အတည်ပြုစိစစ်ပြီးပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား စက်တင်ဘာလ (၁၂) ရက်နေ့တွင် လည်ပတ်ခွင့် ပြုသွားမည်ဟု သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး (ကိုကိုးကျွန်းမြို့နယ် မပါ) ကို Stay at home အဖြစ် စက်တင်ဘာလ (၂၁) ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရက်သတ္တပတ် ၃ပတ်တာ ကာလပြီးနောက် ပြန်လည်ပတ်ခွင့်ပြုရန် ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။