တောင်ဥက္ကလာပ တွင်နေထိုင်သော ပြည်သူများအနေဖြင့် စျေးများမှတစ်ဆင့် ကိုဗစ်ရောဂါ မပြန့်ပွားစေရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် အသားငါးများနှင့် ဟင်းသီးဟင်းရွက်များကို သက်ဆိုင်ရာ Call Center များမှ တစ်ဆင့်ဝယ်ယူနိုင်မည်ဟု သိရှိရသည်။
မှာယူချင်သူများအနေဖြင့် ရုံးဖွင့်ချိန်ဖြစ်သော တနင်္လာ မှသောကြာ နေ့များတွင် မနက်(၁၀)နာရီမှ ညနေ (၂)နာရီအထိ စည်ပင်ရုံးရှိ ဖုန်းကိုဆက်သွယ်ရမည်ဖြစ်ပြီး စျေးသည်များကို စနစ်တကျအကြောင်းကြားပေးမည်ဖြစ်သည်။
မှာယူထားသော ပစ္စည်းများကို အင်္ဂါ၊ကြာသပတေး၊စနေ၊တနင်္ဂနွေနေ့များတွင် စည်ပင်သာယာအဖွဲ့များနှင့် လုပ်အားပေးအဖွဲ့များမှ အိမ်တိုင်ရာရောက် စနစ်တကျလိုက်လံ ပို့ဆောင်ပေးမည်ဖြစ်သည်။
“မှာယူလို့ရမယ့် ပစ္စည်းတွေကို Menu အနေနဲ့ထားသွားမှာဖြစ်ပြီး အသားငါးအစုံ၊ ဟင်းသီးဟင်းရွက်အစုံပါဝင်မှာပါ”ဟု တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်ဇေယာဝင်းမှ ပြောကြားခဲ့သည်။
တောင်ဥက္ကလာပတွင်နေထိုင်သော ပြည်သူများအနေဖြင့် စည်ပင်သာယာ၏ Hotline Phone များဖြစ်သော (၀၉ -၂၆၄၂၁၆၉၈၅ ၊ ၀၉-၈၉၀၀၈၅၇၇၁) သို့ ဆက်သွယ်မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။