Business

စားသုံးသူရေးရာနစ်နာမှုများ တိုင်ကြားနိုင်သော Call Center ချန်နယ် အသစ်တစ်ခု စတင်အသုံးပြုမည်

Read 741 times

မြန်မာနိုင်ငံမှာ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ စားသုံးသူအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုပေါင်း (၁,၆၂၅) မှုရှိခဲ့ပါတယ်။ ဒါ့ကြောင့် စားသုံးသူရေးရာနစ်နာမှုတွေကို တိုင်ကြားနိုင်မယ့် Call Center ချန်နယ်အသစ် တစ်ခုကို (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလကနေစပြီး စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

" ၂၀၁၉ခုနှစ်မတ်လမှာ စားသုံးရေးရာဦးစီးဌာနရဲ့ ဝက်ဆိုက်မှာ စားသုံးသူတွေတိုင်ကြားနိုင်တဲ့ application တစ်ခုကို စပြီးမိတ်ဆက်ခဲ့တယ်။ နောက်ပြီးတော့ ဖုန်းဆက်ပြီးတိုင်ကြားလို့ရသလို Mobile application နဲ့တိုင်ကြားနိုင်အောင်လည်းလုပ်ခဲ့တယ်။ ၂၀၂၀ပြည့်နှစ် အောက်တိုဘာမှ ကျွန်တော်တို့ဝက်ဆိုက်ကို ထပ်ပြီး အဆင့်မြှင့်လိုက်တယ် "

" တိုင်ကြားသူက ဝက်ဆိုက်မှာ တိုင်ရင် မှတ်ပုံတင်နံပတ် လေးနဲ့ အိုင်ဒီလေးတစ်ခုရမယ်။တိုင်ကြားသူက သူတိုင်ထားတာနဲ့ ပတ်သက်ပြီးဖြေရှင်းနေတဲ့ကာလတလျှောက်လုံးကိုကြည့်နိုင်မယ်။ အသက်အရွယ်ကြီးသူတွေအတွက် တိုင်ကြားချင်တဲ့အခါ လွယ်လွယ်ကူကူ တိုင်ကြားနိုင်အောင်လုပ်လိုက်တာပါ။ Call Center ဖုန်း ဖြစ်တဲ့ နံပါတ်၄ လုံးကိုပဲ မှတ်သားထားဖို့လိုတော့မှာပါ။ အဲဒီနံပါတ် ၄ လုံးကို ပဲ တစ်နိုင်လုံးကနေ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ် " လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Call Center မှ ပြန်လည်ဖြေကြားမယ့် အချိန်က ရုံးချိန် အတွင်းမှာပဲ အကြောင်းကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါမယ့် ရုံးချိန်ပြီးသွားရင်တော့ အသံဖမ်း ယူထားပြီးမှ နောက်နေ့ရုံးချိန်အတွင်းမှာ ပြန်လည်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Call Center ချန်နယ် အသစ်တစ်ခုကို နံပါတ် (၄) လုံးနဲ့ အတည်မပြုရသေးပေမယ့် မှတ်ရလွယ်ကူမယ့် နံပါတ် (၄) လုံးကိုပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းများ၊ လိုင်းဖုန်းများမှ သတ်မှတ်ထားတဲ့ နံပါတ် (၄) လုံးကို ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် နောက်ပိုင်းမှာ စားသုံးသူအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုများ မြင့်တက်လာတယ်လို့ သိရပါတယ်။

Bookmark