Food & Drinks

အရသာအရှိဆုံး Bubble Tea တစ်ခွက် မိမိဘာသာဖျော်နည်း

Read 2359 times

၂၀၁၈ နှစ်လောက်က စပြီး ခေတ်စားလာခဲ့တဲ့ Bubble Tea ကို မြန်မာလူငယ်တော်တော်များများ ကြိုက်ကြမည် ထင်ပါတယ်။ အခုဆိုရင် လူငယ်တွေသာမက လူလတ်ပိုင်းတွေ ကြားမှာပါ ရေပန်းစားလာပြီး " Bubble Tea က မင်းဝယ်တိုက်မှ အရသာရှိတာမျိုး "  လို့ ပြောစမှတ်တွင်စရာတွေ ဖြစ်လာတဲ့ အထိပါပဲနော်။

ဝယ်တိုက်မယ့်သူမရှိတဲ့ FA လေးတွေအတွက်ရော၊ ဝယ်မသောက်ချင်သူများအတွက်တော့ Bubble Tea ကို ကိုယ်တိုင်ဖျော်စပ်သောက်သုံးလို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ 

Bubble Tea ပြုလုပ်ဖို့အတွက် ပါဝင်တဲ့ ပစ္စည်းနဲ့ ပမာဏတွေက …

  • ရေ - 300 ml
  • Thai Tea - ဟင်းစားဇွန်း ၂ ဇွန်း
  • ပုလဲသီး - ဟင်းစားဇွန်း ၃ ဇွန်း 
  • နို့ဆီ - ဟင်းစားဇွန်း ၂ ဇွန်း သို့မဟုတ် ၃ ဇွန်း
  • နို့စိမ်း - ဟင်းစားဇွန်း ၄ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ 
  • သကြား - ဟင်းစားဇွန်း ၁ ဇွန်း 
  • ရေသန့်ရေခဲ - ၄ တုံး (လိုအပ်သလောက် ထည့်နိုင်ပါတယ်)

ပထမဦးဆုံး ပုလဲသီးတွေကို ပြုတ်ထားပါမယ်။ ဇောက်နက်တဲ့ အိုးတစ်ခုထဲမှာ ရေများများထည့်ပြီး ရေဆူလာရင် ပုလဲသီးတွေကို ထည့်ပါ။ ပုံမှန်အနေအထား ကြိုက်သူတွေက ၄၅ မိနစ်ခန့် ပြုတ်ရင် ရပါပြီ။ ခပ်ပျောပျော့ အနေအထားကို ကြိုက်ရင်တော့ ၁ နာရီခန့် ပြုတ်ပေးပါနော်။ 

တစ်ခုသတိထားရမှာက ပုလဲသီးတွေက ပြုတ်နေတဲ့အချိန်မှာ ပျော့လာသယောင် ရှိတတ်ပေမယ့် အအေးထဲ ထည့်လိုက်တဲ့အချိန်မှာ ပြန်မာလာတတ်တာမို့ အပျော့ကြိုက်တဲ့သူတွေက စိတ်ရှည်ရှည်ထားပြီး ကြာကြာပြုတ်ပေးပါ။ 

ပြုတ်နေချိန်မှာ မကြာခဏ မွှေပေးပါ။ ရေနည်းရင် အိုးရဲ့ အောက်ခြေမှာ ပုလဲသီးတွေ ကပ်သွားတတ်တာမို့ သတိလေး ထားပါနော်။ လိုချင်တဲ့ အနေအထားမျိုးရောက်ရင် ရေအေးနဲ့ ဆေးပြီး ရေစိမ်ထားပေးပါ။

ဒုတိယအဆင့်အနေနဲ့ Thai Tea ကို ဖျော်စပ်ပါမယ်။ Thai Tea ၁ ခွက်စာအတွက် ရေ ၃၀၀ မီလီလီတာကို ဆူအောင်တည်ပါမယ်။ ရေဆူလာရင် ဆားအနည်းငယ် ထည့်ပြီး Thai Tea ထည့်ပါမယ်။ ၃ မိနစ်ခန့် တည်ပြီးရင် အမှုန်အမွှားများကို အဝတ်စစ်ဇကာနဲ့ စစ်ထုတ်ပြီး သကြား၊ နို့ဆီ၊ နို့စိမ်း ထည့်မွှေပါ။ 

လိုချင်တဲ့အနေအထား ရောက်ပြီဆိုရင် အအေးခံပြီး ပုလဲသီးနဲ့ ရေခဲကို လိုသလောက်ထည့်၍ သုံးဆောင်နိုင်ပါပြီ။ ချိုချိုဆိမ့်ဆိမ့် ကြိုက်တတ်သူတွေက နို့ဆီ၊ နို့စိမ်း များများထည့်ပါ။ ရေခဲအများကြီးထည့်မိရင် ကြာလာတဲ့အခါ အရသာပေါ့သွားတာမို့ လေးလေးပင်ပင် အရသာကြိုက်သူများက ရေခဲလျှော့ထည့်ပေးပါ။ ရေခဲလုံးဝမထည့်ဘဲ ရေခဲသေတ္တာထဲမှာ အအေးခံပြီးတော့လည်း သောက်သုံးလို့ ရပါတယ်နော်။

Bubble Tea ကုန်ကြမ်းနဲ့ ဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူရရှိနိုင်မယ့် ဆိုင်များကိုလည်း ပြောပြပေးချင်ပါတယ်။

  1. STK Bakery Supply Shop 
  2. Honey Hive - YGN
  3. Makro Myanmar

အသင့်သောက်သုံးချင်သူတွေအတွက်လည်း ဝယ်ယူလို့ရမယ့် ဆိုင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

  1. Ocha Bubble Tea

  2. Tea Black 

  3. Frisson Bubble Tea

  4. Tea Land

  5. Mandalay Tea Room 

 

WMMH (Mizzy)

Bookmark