Friday, 25 October 2019 08:24

KANYANA.jpg

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားသော မော်တော်ယာဉ်များ၏ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ စသည်တို့ တိကျမှန်ကန်မှသာ မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများကို လုပ်ဆောင်ပါက ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်ပါသည်။

မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများထဲတွင် ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်/ဆေး ပြောင်းလဲခြင်း၊ မှတ်ပုံတင် အထောက်အထား ပျောက်ဆုံးခြင်း စသည်တို့ ပါဝင်ပါသည်။

အဆိုပါအချိန်တွင် အချက်အလက်များကို တင်ပြနိုင်ခြင်း မရှိပါက ယာဉ်ပိုင်ရှင် အမည်ပြောင်းရန်အတွက် ပြည်တွင်းဦးစီးအခွန်ဌာနများတွင် ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်သည်။

၂၀၂၀ ခုနှစ်မှ စတင်၍ လာမည့်နှစ်များတွင်လည်း မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်အမည်ပေါက်ပိုင်ဆိုင်သူ တိကျ၊ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များတွင် ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်နှုန်းထားသည် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင်မူ ပြည်ထောင်စု အခွန်အကောက် ဥပဒေပုဒ်မ ၂၅ အရ ယာဉ်ပိုင်ရှင်တိုင်း အခွန် ပေးဆောင်နိုင်သော အနေအထားသို့ ပြောင်းလဲနေပြီ ဖြစ်တာကြောင့် အခွန်သက်သာခွင့် ကန့်သတ်ကာလ အတွင်း မိမိယာဉ်အတွက် အချက်အလက်အမှန်ကို ပြောင်းလဲထားသင့်ပါသည်။

ယာဉ်ပိုင်ရှင်၏ အချက်အလက်မှန်ကန်ရေးသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စည်းကမ်းဥပဒေနှင့် ညီညွတ်သည့် မော်တော်ယာဉ်ဖြစ်ရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် Radio Frequency Identification (RFID) စနစ်နှင့် ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရသည်။


Read times Last modified on Saturday, 26 October 2019 08:04
Rate :
(0 votes)

4 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.