Tuesday, 10 September 2019 03:27

dea98c90b76a36d8a03d39347c874102_L.jpg

လျှပ်စစ်ဓာတ်အားခ ပြောင်းလဲ ကောက်ခံခြင်းကြောင့် ကျပ်သန်း ၃၆၀၀၀ ကျော် ပိုမိုကောက်ခံရရှိခဲ့ပြီး အိမ်သုံး မဟုတ်သည့် အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံမှ အများဆုံးဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။

ဓာတ်အားခ ပြောင်းလဲကောက်ခံမှုကြောင့် အိမ်သုံးအမျိုးအစား ဓာတ်အားခ ပေးဆောင်မှုအနေဖြင့် အခြေခံလူတန်းစားများအနေဖြင့် လစဉ် တစ်ယူနစ်မှ ၇၅ ယူနစ်အထိ အသုံးပြုသူ ၂၆ ရာခိုင်နှုန်းရှိပြီး အများဆုံး ကျပ် ၁၁၇၅ ကျပ်သာ ပိုမိုကျခံရမည် ဖြစ်ကြောင်း သိရသည်။

လူလတ်တန်းစားများအနေဖြင့် လစဉ် ၇၅ ယူနစ်မှ ၂၀၀ ယူနစ်အထိ အသုံးပြုသူ ၃၈ ရာခိုင်နှုန်းခန့်ရှိပြီး အနည်းဆုံး ၂၂၅၀ မှ အများဆုံး ၁၀၀၅၀ ကျပ်သာ ပိုမိုပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ယူနစ် ၂၀၀ အထက် လျှပ်စစ်မီးသုံးသူများအနေဖြင့် ၃၆ ရာခိုင်နှုန်းရှိပြီး မီးသုံးစွဲမှုအပေါ် မူတည်၍ ဓာတ်အားခ ပိုမိုပေးဆောင် သွားရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။

ရန်ကုန်မြို့ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး မြေနီထပ်၌ စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်က “လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေနဲ့ လျှပ်စစ်ဓာတ်အားခတွေ ပြင်ဆင် သတ်မှတ်လိုက်တဲ့အတွက် ပိုပြီး ရလာတာတော့ မရှိပါဘူး။ ဘာလို့မရှိလဲ ဆိုတော့ အရင်တုန်းက ကျွန်တော်တို့က တစ်ယူနစ်ကို ၆၀ ကျပ်နဲ့ ဝယ်ရပါတယ်။ အခုက ၁၁၀ နဲ့ ဝယ်ရပါတယ်။ အဓိကစိုက်ထုတ် သုံးစွဲနေတာက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းက တစ်နှစ်တစ်နှစ်ကို ဘီလျံပေါင်းများစွာ စိုက်ထုတ် ကျခံနေတဲ့အတွက် Power Plant တွေ တည်ဆောက်ဖို့အတွက် Transmitting ကိစ္စတွေ၊ Distribution ကိစ္စတွေမှာ ငွေရင်းနှီးမြှုပ်နှံမှု ထည့်ရတဲ့ အနေအထား ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကတော့ ပိုပြီးတော့ အမြတ်ရတယ်ဆိုတာ မရှိပါဘူး”ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ကာ လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မီးသုံးစွဲသူ ၁ ဒဿမ ၃၈ သန်းသည် မီးသုံးစွဲမှု လျော့ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇွန်လထက် ဇူလိုင်လတွင် သုံးစွဲယူနစ် ၂၁ ဒဿမ ၉ သန်း လျော့နည်းလာကြောင်း YESC က သိရသည်။

အခွန်ပေးဆောင်ရမည့် ရက်များကို လွယ်ကူစွာ သိရှိနိုင်မယ့် Tax Calendar

Source Daily Eleven


Read times Last modified on Tuesday, 10 September 2019 10:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.