Tuesday, 14 May 2019 10:42

 

lann.jpg

ရန်ကုန်မြို့တွင် သတ်မှတ်ထားသော လူကူးမြင်းကြားများ၊ ခုံးကျော်တံတားများမှ ကူးခြင်းမပြုပဲ လမ်းစည်းကမ်းဖောက်ဖျက်သူများကို မေလ ၁၅ ရက်နေ့မှစတင်ပြီး ဥပဒေချိုးဖောက်မှုဖြင့် အမြင့်ဆုံးဒဏ်ငွေ ၃ သောင်းအထိ တပ်ကာ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယနေ့အထိ ပညာပေးကာလ တိုးမြှင့်ဆောင်ရွက်ခြင်းကို ပြုလုပ်နေသော်လည်း မနက်ဖြန်မှ စတင်ပြီး ပညာပေးခြင်းလုပ်ငန်းနှင့်အတူ ပြစ်ဒဏ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု အမှတ် ၇ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောသည်။

၎င်းက “ကျနော်တို့က အရင်ထဲက ပြစ်ဒဏ်ပေးမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူတွေက စည်းကမ်းမလိုက်နာတဲ့အပြင် အရင်တုန်းက ပြစ်ဒဏ်ကလည်း ဒဏ်ငွေ ၁ ထောင်ကျပ်ပဲဆိုတော့ ဖောက်ဖျက်မြဲ ဖြစ်နေတာ။ အခုတော့ ၂၀၁၅ ခုနှစ်မှာ ပြစ်ဒဏ်တွေတိုးမြှင့်ထားတဲ့အတိုင်း ကျနော်တို့က တိတိကျကျ ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်သည် လမ်းဖြတ်ကူးသူများ၏ စည်းကမ်းမဲ့ဖြတ်ကူးမှုများကြောင့် ဖြစ်ကြောင်း၊ တကမ္ဘာလုံးတွင် တနှစ်လျှင် လူဦးရေ ၁ ဒဿမ ၄ သန်းခန့်သည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကြောင်း၊ ကမ္ဘာ့လူဦးရေ ၅ သန်းခန့်သည် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်ဟု သူက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၁၄၅၀၀ ကျော်အထိ ဖြစ်ခဲ့ကာ သေဆုံးသူ ၅၁၀၀ ကျော်ရှိပြီး တရက်လျှင် ပျမ်းမျှ ၁၄ဦးခန့် သေဆုံးလျှက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၄၆၄ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၅၀၀ နီးပါးအထိ ကျဆင်းလာသော်လည်း ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ်သည့်အခါ တရက်လျှင် ၁၅ ဦးကျော်အထိ သေဆုံးခဲ့သည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးပါဝင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်ဟုဆို

ယနေ့နေလည်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေလမ်းမနှင့် အနော်ရထာလမ်းမ လမ်းဆုံတွင် ပညာပေးမှု ခေတ္တရပ်နားချိန် လမ်းဖြတ်ကူးသူများသည် မူလအတိုင်း ခုံးကျော်တံတားသို့ မတက်ပဲ ခုံးကျော်တံတားအောက်မှ ဖြတ်မြဲတိုင်း ဖြတ်သွားနေကြသည်ကို တွေ့ရသည်။

ထိုသို့ ဖြစ်နေရခြင်းသည် ပြည်သူများ၏ အလျင်လိုမှုကြောင့်ဖြစ်ပြီး မတော်တဆ ယာဉ်အန္တရာယ်ဖြစ်လာလျှင် အဓိက ထိခိုက်မည့်သူများ မိမိတို့ပင်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်းကို ဆူးလေလမ်းမနှင့် အနော်ရထာလမ်းမ လမ်းဆုံရှိ မီးပွိုင့်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ် ထက်လှိုင်ဘွားက ပြောသည်။

၎င်းက “ကျနော် ဒီပွိုင့်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ၁၀ နှစ်နီးပါးရှိပြီ။ တနှစ်ကို အဲ့ဒီလို ကားသွားနေတုန်း လမ်းဖြတ်ကူးတာတွေကြောင့် ယာဉ်တိုက်မှုက ၁ မှုတော့ အနည်းဆုံးပဲ။ ကျနော်အော်ပြောလည်း ဘယ်သူမှ ဂရုစိုက်ကြတာမဟုတ်ဘူး။ ခုံးကျော်တံတားဆောက်ပြီးလဲ အောက်ကနေ ဖြတ်နေမြဲပဲ” ဟု သူက ဆိုသည်။

Source : Irrawady


Read 40 times Last modified on Tuesday, 14 May 2019 11:11
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.