Friday, 10 May 2019 08:43

 

YBS.jpg

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်မှာ သဘာဝဓာတ်ငွေ့(CNG) အလုံအလောက်မရရှိခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရမှုများရှိနေပြီး အခက်အခဲများဖြစ်နေကြောင်း သိရသည်။

YBS ယာဉ်လိုင်းများ CNG ဆိုင်များတွင် စုပြုံစောင့်ဆိုင်းနေကြရပြီး မီးပျက်နေသဖြင့် ဓာတ်ငွေ့မပေးနိုင်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Omni Focus ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက “ကျွန်တော်တို့မှာ ယာဉ်လိုင်း ၆ လိုင်း ရှိတယ်။ အရင်က ပုံမှန်ရက်ဆိုရင် ကားအစီးရေ ၁၈၀ ကနေ ၂၀၀ ဝန်းကျင်လောက် ပြေးဆွဲနေတာ အခုတော့ အစီးရေ ၁၄၀-၁၅၀ ပြည့်အောင် မနည်းလုပ်နေရတယ်” ဟု ပြောသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်မီးကို ရန်ကုန်မြို့ရှိ မြို့နယ်အလိုက် အလှည့်ကျဖြန့်ဖြူးပေးလျက်ရှိရာတွင် CNG ဆိုင်များလည်းအပါအဝင်ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်နေချိန်တွင် မီးစက်များဖြင့် CNG ဖြန့်ဖြူးပေးရသောကြောင့် ယခင်လိုအပြည့်အဝပေးရန် ခက်ခဲလျက်ရှိကြောင်း CNG ဖြန့်ဖြူးဌာန၏ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က “မီးစက်နဲ့ဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်မပေးနိုင်ဘဲ ၇၅၊ ၈၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တယ်” ဟု ဆိုပါသည်။

ရန်ကုန်မှ ဘားအံ၊ မြ၀တီသို့ တန်ဆာခဈေးနှုန်းများ မြင့်တက်လာ

မေလအတွင်းတွင် နေ့စဉ် YBS ခရီးသည် ယာဉ်အစီးရေပေါင်း ၃၅၀၀ ကျော်ကိုသာ CNG ဓာတ်ငွေ့ ဖြည့်တင်းပေးလျက်ရှိပြီး ယင်းပမာဏသည် လျှပ်စစ်မီးပုံမှန်ရရှိနေသော မတ်လနှင့် နှိုင်းယှဉ်ပါက ယာဉ် အစီးရေ ၁၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်းလည်း ၄င်းက ရှင်းပြသည်။

ထိုသို့ CNG ဆိုင်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် YBS ယာဉ်များ ဓာတ်ငွေ့ဖြည့်ရာတွင် သတ်မှတ်ဓာတ်ငွေ့ပေါင်အပြည့်ရရှိရန် ခက်ခဲခြင်းနှင့် ဂတ်စ်ဆိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် သတ်မှတ်အခေါက်ရေအပြည့် ပြေးဆွဲပေးရန် ခက်ခဲလျက်ရှိကြောင်း ယာဉ်လိုင်းတချို့က ဆိုသည်။

YBS 7 ယာဉ်လိုင်း တာဝန်ခံ ဦးမျိုးနိုင်က “အခုက ကားအကြီးတွေ အရေအတွက်ကလည်း များလာတယ်။ ကားအကြီးတစ်စီးက ဂတ်စ်အပြည့်ဖြည့်ဖို့ကို နာရီဝက်ဝန်းကျင်လောက် ကြာတယ်။ တချို့ဂတ်စ်ဆိုင်တွေက ၂၄ နာရီ မဖွင့်တော့တာလည်း ပါတယ်” ဟု ဆိုသည်။

YBS ၂၁၊ ၃၉၊ ၄၁ ယာဉ်လိုင်းများ ပြေးဆွဲပေးနေသည့် Power Eleven ကုမ္ပဏီ၏ ကိုတရုတ်လေးကလည်း “ကျွန်တော်တို့ လိုင်းမှာတော့ CNG အခက်အခဲကြောင့် ယာဉ်တွေမထွက်နိုင်တာတော့ မဟုတ်ဘူး။ ပုံမှန်ပြေးဆွဲနေတဲ့ အခေါက်ရေအတိုင်း မပြေးဆွဲနိုင်တော့တာ” ဟု ပြောသည်။

YBS ယာဉ်လိုင်းများသည် လျှပ်စစ်မီးပုံမှန်ရရှိနေသောကာလများတွင် တစ်နေ့လျှင် ယာဉ်တစ်စီးကို အခေါက်ရေ လေးခေါက်မှ ငါးခေါက်ဝန်းကျင် ပြေးဆွဲကြပြီး လတ်တလောတွင် တစ်နေ့လျှင် နှစ်ခေါက်မှ သုံးခေါက်ဝန်းကျင်သာ ပြေးဆွဲနိုင်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်မီးပျက်သဖြင့် မီးစက်နှင့် ဂတ်စ်ဖြည့်ရာတွင် သတ်မှတ်ဓာတ်ငွေ့ Pressure အပြည့်အဝမရရှိခြင်းကြောင့် ခရီးစဉ်ပြေးဆွဲရသော အခေါက်ရေမှာ ယခင်ကထက် အကြိမ်ရေ လျော့နည်းခြင်းနှင့် ယာဉ်ပေါ်တွင် အဲကွန်းအပြည့်အဝမဖွင့်ပေးနိုင်သည့် အနေအထားမျိုးလည်းရှိကြောင်း ယာဉ်လိုင်းတာဝန်ခံများက ဆိုကြသည်။

ယင်းသို့ ယာဉ်လိုင်းများ ရပ်နားလိုက်ရခြင်းကြောင့် အောက်ဆိုက်ကားများ ပြေးဆွဲကြကာ ခရီးသည်များအတွက် ငွေကြေးကုန်ကျမှုများခြင်း၊ သွားလာရခက်ခဲခြင်းများလည်း ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက ဆိုပါသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ CNG ဂတ်စ် ဆိုင်ပေါင်း ၄၁ ဆိုင် ရှိပြီး ၁၀ ဆိုင်မှာ တက္ကစီသီးသန့်ဆိုင်များ ဖြစ်ကာ ကျန်ဆိုင်များထဲမှ ဆိုင်၂၀ မှာ ၂၄ နာရီ ဖွင့်လှစ်ခြင်းနှင့် ကျန် ၁၁ ဆိုင်မှာ ၈ နာရီ နှစ်ဆိုင်းဖြင့် ၁၆ နာရီ ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘောဝဓာတ်ငွေ့လုပ်ငန်းက သိရသည်။

ဦးလှဝင်းဌေး က “ဒီပြဿနာက မီးပြန်မှန်သွားရင် ပြန်ပြေလည်သွားမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ဒီဘက်က နည်းပညာနဲ့ လူနဲ့ ပေးမယ်၊ ယာဉ်လိုင်းတွေဘက်က ကိုယ်ပိုင်ဂတ်စ် ဖြန့်ဖြူးရေးဆိုင်လိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင် ပြေလည်သွားနိုင်တယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က “ YRTA ဘက်ကတော့ ၂၄ နာရီ ဖွင့်တဲ့ ဂတ်စ်ဆိုင်တွေ တိုးဖွင့်ပေးဖို့ရယ် YBS သီးသန့် ဂတ်စ်ဆိုင်တွေ လုပ်ပေးဖို့ကို တင်ပြထားတာတွေ ရှိတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့တွင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်တွင် အစီးရေ ၄၀၀၀ ကျော်ရှိကြောင်း YRTA မှ သိရသည်။

Source : Irrawady


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.