Monday, 29 April 2019 05:03

 

thai_myanmar_worker.jpg

 

သင်္ကြန်ပွဲတော်နေရပ်ပြန်မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်ရမည့် ရက်နှစ်ရက်သာလိုတော့၍ အလုံးအရင်းဖြင့်ပြန်လည်ဝင်ရောက်နေသူများအဆင်ပြေစေရန် ထိုင်းအာဏာပိုင်များက ဂိတ်ပေါက် ၂၀ ကျော်အထိ တိုးချဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ယမန်နေ့က ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ရန် မဲဆောက်ဂိတ်ပေါက်၌ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများတုံးထုရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာလုပ်သားများသောင်းနှင့်ချီရှိနေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီနေ သော မြန်မာအဖွဲ့အစည်းများက ပြောထားပြီး ထိုသို့တန်းစီစောင့်ဆိုင်းနေသူများအဆင်ပြေစေရေး ထိုင်းအာဏာပိုင်များက ယခင်ကတုံးထုရန် ဂိတ်ပေါက်နှစ်ပေါက်သာထားရှိရာ ယမန်နေ့တွင် ဂိတ်ပေါက် ၂၅ ပေါက်အထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

‘‘အရင်ကတည်းက ကျွန်တော်တို့ကတောင်းဆိုထားတာပေါ့။ ဂိတ်ပေါက်ရော၊ လူအင်အားရော တိုးပြီးလုပ်ဆောင်ပေးဖို့ပေါ့။ ဒါမှသတ်မှတ်ရက်အတွင်း အားလုံးပြန်ဝင်လာနိုင်မှာ။ အခု အဲဒီလိုဆောင်ရွက်ပေးနေတာ’’ ဟု ဦးစန်းမောင်ဦးက ပြောထားပြီး ယမန်နေ့အထိ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားနှစ်သိန်းကျော်ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောပါတယ်။

‘‘နေပူထဲမှာ တန်းစီစောင့်ဆိုင်းနေရတာ။ နေအရမ်းပူတော့ ထိုင်းအာဏာပိုင်တွေက ရေနဲ့ မုန့်တွေဝေပေးတာရှိပါတယ်။ ဒီရက်ပိုင်းမှာပြန်ဝင်လာတဲ့သူတွေက အရမ်းများနေတာ’’ ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီနေသူ ကိုသားကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများဟာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် နှစ်ဆန်း ၁ ရက်နေ့က စတင်၍ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းလည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရက မြန်မာလုပ်သားများကို ယခုနှစ်သင်္ကြန်ပွဲတော်ကာလနားရက်အဖြစ် ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ ၂၅ ရက် သတ်မှတ်ခွင့်ပေးထားခဲ့တာဖြစ်ပြီး နေရပ်ပြန်မြန်မာလုပ်သားများအနေဖြင့်လည်း ခွင့်ပြုပေးထားသည့်နောက်ဆုံးနေ့မတိုင်မီ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အမှီ ထိုင်းနိုင်ငံသို့ပြန်လည်မ၀င်ရောက်နိုင်သူများကို ဒဏ်ကြေးအဖြစ် ဘတ်နှစ်ထောင် (ကျပ်တစ်သိန်းခန့်) ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ကြေညာထားပါတယ်။

ထိုဒဏ်ကြေးသည် မေလတစ်လအတွင်း ပြန်လည်ဝင်ရောက်သူများသာဖြစ်ပြီး မေလ ၃၁ရက်နေ့အမှီ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိပါက စာချုပ်ဖျက်သိမ်းပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့်သာ ပြန်ဝင်ရောက်ရမှာဖြစ်ပါတယ်။

နေရပ်ပြန်မြန်မာလုပ်သားများအနေဖြင့် ဂိတ်အ၀င်၊အထွက်များတွင် အိမ်ပြန်တံဆိပ်တုံးကြီးထုရန်မလိုအပ်သကဲ့သို့ မည်သည့်ငွေမျှပေးဆောင်ရန်မလိုကြောင်း ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၄ ရက်နေ့က ကြေညာထားခဲ့ပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြန်လည်ဝင်ရောက်မလာသူများ ယခင်ဗီဇာသက်တမ်းရှိသလောက် အသစ်ပြန်ထုရမည်ဖြစ်ပြီး ဒဏ်ကြေးအဖြစ် ဗီဇာထုခ ဘတ်နှစ်ထောင်ပေးဆောင်ရမည်ဟုလည်း ကြေညာထားပါတယ်။

သင်္ကြန်ပွဲတော်ကာလနားရက်ခွင့်ဖြင့် နေရပ်ပြန်မည့်ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ လမ်းခရီးအဆင်ပြေစေရေး အယုဒ္ဓယမြို့တွင် အလုပ်သမားသံအရာရှိတစ်ဦးထားရှိ၍ ကူညီနေကြောင်း ဦးစန်းမောင်ဦးက ပြောပါတယ်။

မြန်မာလုပ်သားများစီးနင်းလိုက်ပါမည့် ယာဉ်များကြံ့ခိုင်မှုစစ်ဆေးခြင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်း၊ ယာဉ်အာမခံထားရှိမှုစစ်ဆေးခြင်း၊ ယာဉ်အချက်အလက်များစစ်ဆေးခြင်းနှင့် သင်္ကြန်ကာလအတွင်းပြေးဆွဲမည့်ခရီးစဉ်များ ကြိုတင်စစ်ဆေးခြင်းကို မိမိတို့စီးနင်းလိုက်ပါမည့်ယာဉ်များ Land Transport Department နှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။

Source: 7DayDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.