Thursday, 18 April 2019 04:47

mm_prison.JPG

 

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးမည့် အကျဉ်းသားစာရင်းထဲတွင် မူးယစ်မှုဖြင့်ထောင်ကျနေသူများ အများစုလွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနထံမှ စုံစမ်းသိရှိရပါတယ်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦး လွှတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ထားပြီး အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးနေပြီဖြစ်ပါတယ်။

သို့သ်ာလည်း ယင်းသို့လွှတ်ပေးသည့်အထဲမှအများစုဟာ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေကြရသူအများစုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က အတည်ပြုထားပါတယ်။

ဦးမင်းထွန်းစိုး က “ မူးယစ်မှုနဲ့ ထောင်ကျခံရသူတွေက အများစုပါဝင်ပါတယ်။ စာရင်းအတိအကျတော့ ကျွန်တော်အလွတ်မရပါဘူး။ အင်းစိန်ထောင်ကလွှတ်တဲ့သူတွေ ဘယ်လောက်လဲ ကျွန်တော်အခုမပြောနိုင်သေးပါဘူး။ လွတ်မယ့်စာရင်းက ဒီမနက်မှကျွန်တော်တို့ရတဲ့အတွက် အလုပ်တွေများနေလို့ပါ ” လို့ ပြောပါတယ်။

ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၇၀၀ ကျော် လွတ်မြောက်မည်ဖြစ်ပြီး ထိုအထဲတွင် နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်အပြစ်ပေးခံထားရပြီး ယခုနှစ် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံး ဆုဖြစ်သည့် ပူလစ်စာဆုရခဲ့သူများဖြစ်သည့် ရိုက်တာသတင်းထောက် ကိုဝလုံး(ခ)သက်ဦးမောင်နှင့် ကိုကျော်စိုးဦး တို့ ၂ ဦး ပါဝင်မည် မဟုတ်ဟုဆိုပါတယ်။

ထို့အပြင် ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့လည်း လွတ်မြောက်မှုတွင် မပါဝင်ကြောင်း အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော် က ပြောပါတယ်။

Source: Irrawady


Read times Last modified on Thursday, 18 April 2019 05:06
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.