Thursday, 18 April 2019 03:53

Screenshot_from_2019-04-18_10-23-27.png

 

ရန်ကုန်မြို့ အင်းယားကန်ဘောင် လမ်းလျှောက်သင်္ကြန်တွင် အလှဆင်ထားသည့် ပုသိမ်ထိမ်ထီးများ ဖြုတ်ယူသူ နှစ်ဦးအား ကမာရွတ်ရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း အင်းယားကန်ဘောင်ပန်းခြံဦးစီးမှူး ဦးဇော်ဝင်းထွန်း က ပြောပါတယ်။

၎င်းတို့နှစ်ဦးဟာ သင်္ကြန်အကျနေ့ နံနက် ၂ နာရီခန့်တွင် ထီးများဖြုတ်ယူနေသည်ကို CCTV ကင်မရာတွင် တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထပ်မံဖြုတ်ယူသူများအား အမှုဖွင့်ထားခြင်းတော့မရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ရှိတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။

ဦးဇော်ဝင်းထွန်း က “ ညဥ့်နက်ကြီး ဖြုတ်နေတာတွေ့လို့ ဖမ်းပြီးရဲစခန်းကအမှုဖွင့်လိုက်တာပါ၊ အကြတ်နေ့ကြတော့ ဖြုတ်တဲ့သူတွေကို အလှဆင်ပေးတဲ့ကုမ္ပဏီဘက်ကလဲ အမှုမဖွင့်ချင်တဲ့အတွက် ခံဝန်ပဲထိုးစေခဲ့ပါတယ်၊ ဒီလိုဖြုတ်ယူမှုကတော့ ဘယ်လိုမှမကောင်းပါဘူး၊ မလုပ်သင့်တဲ့လုပ်ရပ်ပါ ” ဟု ပြောခဲ့ပါတယ်။

၎င်းထီးများအား မြတ်မေတ္တာမွန် (MMTM) ကုမ္ပဏီမှ အလှဆင်ခဲ့ခြင်းဖြစ်ပြီး အကြတ်နေ့တွင် လာရောက်ရေကစားသူအချို့မှ ထီးများအားဖြုတ်ယူနေသည့် ဓာတ်ပုံနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံနှံလာခဲ့ပြီး ဝေဖန်ရှုတ်ချမှုများလည်းပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ဖြုတ်ယူမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၁၃ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကုမ္ပဏီဘက်မှအမှုမဖွင့်လိုသဖြင့် နောက်ထပ်မလုပ်ရန် ခံဝန်ထိုးစေကာပြန်လွှတ်ပေးခဲ့ကြောင်း လှိုင်မြို့မရဲစခန်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ထီးများအလှဆင်ခဲ့သည့် MMTM မှ ဒေါက်တာအေးငြိမ်းသူ က “ ထီးလေးတွေပျက်စီးတဲ့အတွက် ဝမ်းနည်းပြီး နှမြောမိတာတွေရှိရင်ရှိကြပေမယ့် ကျွန်မတို့ကတော့ လှူထားတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှတရားစွဲအမှု ဖွင့်မှာမဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောပါတယ်။

အင်းယားကန်ဘောင်ဟာ တံတားဖြူမှတ်တိုင်းအနီးတွင်ပိုင်းခြားကာ လှိုင်မြို့နယ်အပိုင်နှင့် ကမာရွတ်မြို့နယ်အပိုင်ဟူ၍ ခွဲခြားထားသည့်အတွက် ခိုးယူမှုအား ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အကြတ်နေ့ဖြုတ်ယူသူများအား လှိုင်မြို့နယ်ရဲစခန်းတာဝန်ရှိသူများက ကိုင်တွယ်ကာ ခံဝန်ထိုးစေခဲ့ခြင်းဖြစ်ပါတယ်။

ဖြုတ်ယူခံရသည့် ထီးအလက်ပေါင်း ၂၀၇ လက် ကိုလည်း ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရယူခဲ့ပြီး ကုမ္ပဏီသို့ပြန်လည်အပ်နှံခဲ့သည့်အတွက် လက်ကျန်ထီးများနှင့်ပေါင်းကာ ညတွင်းချင်းပင် ထပ်မံတပ်ဆင်ခဲ့ရကြောင်း အင်းယားကန်လမ်းလျှောက်သင်္ကြန်အား ကူညီစီစဉ်သူ ကိုစိုင်းကသစ် ကပြောပါတယ်။

ကိုစိုင်းကသစ် က “ ဒီလိုဖြုတ်ယူမှုကြောင့် ကျနော်တို့အဖွဲ့တွေ ဝမ်းနည်းလို့ မျက်ရည်တောင်ကျရပါတယ်၊ လှစေချင်တာရယ်၊ အပူလေးသက်သာအောင် ကြိုးစားလုပ်ပေးခဲ့တာပါ။ ဒီလိုဖြုတ်ယူတဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းတယ်ဆိုတာ အဲ့လိုအသိလေးတွေရှိရအောင် အားလုံးကဝိုင်းဝန်လုပ်ဆောင်ပေးစေချင်ပါတယ် ” ဟုပြောခဲ့ပါတယ်။

အင်းယားကန်ဘောင် လမ်းလျှောက်သြင်္ကန်အလှဆင်ရန် ပုသိမ်ထီးအလက်ပေါင်း ၂၀၀၀ နီးပါး(တန်ဖိုးကျပ်သိန်း ၇၀ ခန့်)ကို အသုံးပြုခဲ့ရပြီး ကန်ဘောင်အပေါ်/အောက် အလှဆင်မှုအတွက် စုစုပေါင်း ကျပ် ၈၁၇ သိန်းခန့်ကို သုံးစွဲလှူဒါန်းခဲ့ကြောင်း မြတ်မေတ္တာမွန်(MMTM)ကုမ္ပဏီထံမှ သိရပါတယ်။

Source: Irrawady


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.