Wednesday, 10 April 2019 07:51

electricity.jpeg

 

ဒစ်ဂျစ်တယ်မီတာများအား လက်ကိုင်စမတ်ဖုန်းများမှတစ်ဆင့် ထိန်းချုပ်နိုင်မည့် Advanced Metering Infrastructure ( AMI ) စနစ်အား ပန်းဘဲတန်းမြို့နယ်၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စနစ်ကို တီထွင်သည့် Myanmar Machinery Manufacturing ကုမ္ပဏီမှ သိရပါတယ်။

“ဧပြီလ ၁ ရက်ကစပြီးတော့ ကျွန်တော်တို့ ဒီ အက်ပလီကေးရှင်းကို စပြီးတော့ ဖွင့်ပေးလို့ရပြီလို့ ကျွန်တော်တို့စာတင်ထားပြီးပါပြီ၊ သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်း အကြောင်းကြားတယ်၊ ကြားပြီးတော့ ဒီအက်ပလီကေးရှင်းကို ဖွင့်ပေးတော့မယ်၊ ဒါကို ပန်းဘဲတန်းနဲ့ ဒေါပုံမှာ မီတာ ထဲမှာရှိတဲ့ယူနစ်၊ အခုလက်ရှိသုံးစွဲပြီးတဲ့ယူနစ်၊ ကျသင့်ငွေ၊ ပြီးခဲ့တဲ့လက သုံးစွဲထားတဲ့ဟာ၊ နောက်မီတာ စတပ်ကတည်းက သုံးစွဲလာတဲ့ယူနစ်တွေရော၊ ပိုက်ဆံတွေရော၊ လစဉ်ပေးချေ ထားတဲ့ဟာပါ သိရမှာပေါ့၊ " ဟု Myanmar Machinery Manufacturing ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင် က ဧပြီ ၄ ရက် ညနေ ၄ နာရီခွဲတွင် ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။

ယင်းစနစ်တပ်ဆင်ထားသည့် မြို့နယ်များတွင် သုံးစွဲသူများက ၎င်းတို့သုံးစွဲထားသည့် မီတာယူနစ်များ နှင့် ကျသင့်ငွေများကို မိုဘိုင်းဖုန်းမှတစ်ဆင့် အချိန်နှင့်အမျှ သိရှိနိုင်မည်ဖြစ်ပြီး ယခုမိတ်ဆက်ပြသသည့်စနစ်အရ အိမ်သုံး / လုပ်ငန်းသုံး ဓာတ်အားသုံးစွဲမှုများအား စမတ်ဖုန်းဖြင့်ဖြတ်တောက်/ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် မကြာမီ ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မီတာဘေလ်အား စမတ်ဖုန်းဖြင့် ဆောင်နိုင်သည့် အဆင့်တစ်ခုထိ ရောက်ရှိရန်အတွက်လည်း လုပ်ဆောင်သွားမည်ဟုဆိုပါတယ်။

အဆိုပါ စနစ်အသုံးပြုနိုင်ရန် Pliot Project အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၌ စတင်ခဲ့ပြီး ယခုအခါ ပန်းဘဲတန်းမြို့နယ်တွင် ၂၀၁၈ ခုနှစ် မေလမှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒေါပုံနှင့် ပန်းဘဲတန်း မြို့နယ်နှစ်ခုပေါင်းတွင် မီတာအလုံးရေ သုံးသောင်းကျော်တပ်ဆင်ထားကြောင်း သိရပါတယ်။

Source: Myanmar Times


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.