Saturday, 06 April 2019 05:02

n.png

ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်ရွေးချယ်မှုကို သင်္ကြန်မတိုင်မီ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း ကပြောထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသည့်ကိုယ်စားလှယ်များ ထွက်ပေါ်ပြီဖြစ်သော်လည်း အတည်ပြုခန့်အပ်မည့် ရက်အတိအကျ မသိရသေးကြောင်း ၎င်းကဆိုပါတယ်။

‘‘ဒုမြို့တော်ဝန်ရွေးတာ အပါအဝင်ပေါ့။ အတည်ပြုခန့်အပ်တာ၊ ကျမ်းကျိန်တာတွေကို သင်္ကြန်မတိုင်ခင် ပြီးပြတ်အောင်တော့ လုပ်မှာပါ’’ဟု ဦးသန်း က ပြောပါတယ်။

ဒုမြို့တော်ဝန်အဖြစ် ပြီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် မြို့တော်ကော်မတီဝင်ခြောက်ဦးအနက် တစ်ဦးကို ရွေးချယ်မည်ဖြစ်ပါတယ်။

ရွေးချယ်ခံ ကော်မတီဝင် ခြောက်ဦးနှင့် အစိုးရခန့် ကော်မတီဝင် ငါးဦးက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခံကော်မတီဝင်များအနက် တစ်ဦးကို ဒုမြို့တော်ဝန်နေရာအတွက် မဲပေးရွေးချယ်ရမည် ဖြစ်ပါတယ်။

ပြီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၁) ဦးဝင်းမြင့်သန်း၊ မဲဆန္ဒနယ် အမှတ်(၂) ဦးသူရအောင်၊ မဲဆန္ဒနယ်အမှတ်(၃) ဦးစိုးလွင်၊ မဲဆန္ဒနယ်အမှတ်(၄)ဦးစိန်အုန်း၊ မဲဆန္ဒနယ်အမှတ်(၅) နန့်စုရွှေစင်၊ မဲဆန္ဒနယ် အမှတ်(၆)တွင် ဦးမင်းဟန် တို့ အနိုင်ရရှိခဲ့ပြီး ၎င်းတို့ခြောက်ဦးစလုံးဟာ ဒီချုပ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူများဖြစ်သည်။

ဒုမြို့တော်ဝန်ကို ကော်မတီဝင်များက လျှို့ဝှက်မဲဖြင့် ရွေးချယ်မည်ဖြစ်၍ ရွေးချယ်ခံရနိုင်သူကိုမသိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒီချုပ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေး က ဆိုပါတယ်။

‘‘ပေါ်လစီအရ ကျွန်တော် ဝင်စွက်ဖက်ခွင့်မရှိဘူးဗျ။ ကျွန်တော်ကတော့ အဲဒီအဆင့် စီစဉ်လို့မရဘူးဗျ။ တခြားသူတော့ ကျွန်တော်မသိဘူး’’ဟု ၎င်းကပြောပါတယ်။

လက်ရှိတွင် မဲဆန္ဒနယ် အမှတ်(၅)မှ အနိုင်ရရှိသည့် နန့်စုရွှေစင် ဟာ ဒုမြို့တော်ဝန်နေရာအတွက် ရေပန်းစားနေသည်ဟု ဒီချုပ်ပါတီဝင်အချို့က ခန့်မှန်းနေကြပါတယ်။ ၎င်းဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်ကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအသင်း ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေပြီး ဆောက်လုပ်ရေး၊ မြို့ရွာတည်ဆောက်မှုလုပ်ငန်းနှင့် အိမ်ရာဖော်ဆောင်ရေးလုပ်ငန်းများ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။

Source: 7DayDaily


Read times Last modified on Saturday, 06 April 2019 05:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.