Thursday, 16 May 2019 08:48

111

မိုးမကျခင် အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်တစ်ခုသွားဖို့အတွက် ပြင်ဆင်တဲ့အခါမှာ ဒါတွေပါပြီလား...?

ခရီးသွားအေဂျင်စီလား၊ မိမိဘာသာ သွားမှာလား

တစ်ခါတစ်လေ ခရီးသွားချင်ပေမဲ့ ကားလက်မှတ်တွေ ဖြတ်ရတာတစ်မျိုး၊ ဟိုတယ်ဘွတ်ကင် လုပ်ရတာတစ်မျိုးနဲ့ အလုပ်မရှုပ်ချင်ရင်တော့ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်တ်ဆက်ပြီးသွားတာ ကောင်းပါတယ်။

ရက်သတ်မှတ်မထားပဲ တစ်နေရာပြီးတစ်နေရာ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ် ခရီးသွားချင်တယ်ဆိုရင်တော့ အလုပ်နည်းနည်းရှုပ်ပေမဲ့လည်း ကိုယ့်ဘာသာသွားတာ အကောင်းဆုံးပါပဲ။

ဒါပေမဲ့ အရင်ဦးဆုံး မိမိသွားဖို့ စိတ်ကူးထားတဲ့ နေရာအကြောင်းကို Facebook, Google ဒါမှမဟုတ် Travel Blogger တွေ ရေးထားတဲ့ စာတွေ လေ့လာပါ။ အဲဒါဆိုရင် ဘယ်လောက်ကုန်ကျနိုင်တယ်၊ ဘာတွေရှိတယ်၊ ဘယ်တွေသွားလို့ရတယ် စတာတွေကို သိနိုင်ပါတယ်။

ကားနဲ့လား ရထားနဲ့လား ဒါမှမဟုတ် လေယာဉ်နဲ့လား

ကိုယ်သွားမယ့်လမ်းခရီးဟာ ဘယ်လမ်းကြောင်းကသွားရင် အဆင်ပြေမလဲဆိုတာ အရင်စုံစမ်းပါ။ ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး အဆင်ပြေပြေသွားရောက်နိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ရပါမယ်။ ရထားဖြစ်စေ၊ ကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ ငွေကြေးကုန်ကျမှုပေါ် မူတည်ပြီး အချိန်နဲ့လူကို ပိုပြီးသက်သာစေပါတယ်။ ခရီးသွားခြင်းဟာ စိတ်ပင်ပန်းမှုတွေကို အပန်းဖြေဖို့အတွက် ဖြစ်တာကြောင့် လူပင်ပန်းရမယ်ဆိုရင်တော့ ပျော်စရာခရီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။

ခရီးသွားတဲ့အခါ ဟိုတယ်မှာ တည်းမယ်ဆိုရင်

အခုခေတ်ကာလမှာ ခရီးမသွားခင်ကတည်းက ဟိုတယ်တွေကို အွန်လိုင်းကနေတစ်ဆင့် ကြိုတင်ဘွတ်ကင်လုပ်ထားလို့ ရနေပါပြီ။ နီးတဲ့အချိန်ကျရင် ထပ်ပြီးတော့ Confirm လုပ်ပါ။ ရောက်တဲ့အချိန်မှ ဟိုတယ်တွေက အခန်းလွတ်မရှိတော့ဘူးဆိုရင် စိတ်ညစ်စရာပါ။ ညဘက်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ အခြားဟိုတယ်တွေက ဘယ်နေရာမှာ ရှိမှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိနဲ့ ဒုက္ခရောက်နိုင်ပါတယ်။

ကိုယ်ပိုင်ကားနဲ့ ခရီးသွားမယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

ဘယ်လောက်အဆင့်မြင့်ပါတယ်ဆိုတဲ့ နည်းပညာတွေနဲ့ဖန်တီးထားတဲ့ ကားတစ်စီးဖြစ်နေပါစေ၊ မော်တော်ကားတွေဟာလည်း စက်ပစ္စည်းဖြစ်တဲ့အတွက် ဖောက်ပြန်တတ်တဲ့သဘောရှိတာကြောင့် ရုတ်တရက် ချို့ယွင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုချွတ်ယွင်းမှုတွေဖြစ်လာတဲ့အခါ အဆင်ပြေစေဖို့အတွက် သုံးမြှောင့်အလင်းပြန် ဆိုင်းဘုတ်၊ တောင့်တင်းခိုင်မာတဲ့ ကြိုးတစ်ချောင်း၊ လက်နှိပ်ဓာတ်မီးနဲ့ ကားဘက်ထရီအပိုတွေအပြင် မတော်တဆဖြစ်လာတဲ့အခါ အရေးပေါ်ကုသနိုင်ဖို့ ရှေးဦးသူနာပြုဆေးသေတ္တာတစ်ခုလည်း ယူဆောင်သွားသင့်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက်

လက်ရှိအချိန်ကာလမှာ ရာသီဥတုက အပူ၊အအေးမမျှတတာကြောင့် နေမကောင်း၊ ဖျားနာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနွေးထည်နဲ့ သောက်ဆေးတွေ ယူဆောင်သွားသင့်ပါတယ်။ Skin Care အတွက် လိုအပ်တာလေးတွေလည်း ထည့်သွားပါ။ ကိုယ်သောက်နေကျ ဆေးတွေရှိရင်လည်း ယူသွားဖို့ မမေ့ပါနဲ့။ အရေးပေါ်ဆေးသေတ္တာလေးတစ်ခု ယူဆောင်သွားတာကတော့ အကောင်းဆုံးပါပဲ။

ဒေသထွက် အစားအသောက်တွေ

အစားအသောက်တွေက တစ်နေရာနဲ့ တစ်နေရာ ချက်ပြုတ်ပုံချင်း မတူကြပါဘူး။ အရသာတွေ ကွဲပြားသလို စားသောက်မှုပုံစံကလည်း ကွာခြားပါတယ်။ ခရီးထွက်တဲ့အခါ ဒေသထွက်အစားအစာတွေကို မြည်းစမ်းကြည့်တာက မတူညီတဲ့ခံစားမှုကို ပေးစွမ်းပါလိမ့်မယ်။ တစ်ခါတစ်လေ စားနေကြအစားအစာတွေ မဟုတ်တာကြောင့် ပျို့အန်တာ၊ ဗိုက်အောင့်တာနဲ့ နေထိုင်မကောင်းတာတွေ ဖြစ်တတ်ပါတယ်။ အစာကြေဆေး၊ လေဆေးလေးတွေတော့ ကြိုတင်ဆောင်သွားပါ။

ခရီးသွားဖက်ရှင်ကို ဘယ်လိုရွေးမလဲ

ခရီးသွားတဲ့အခါ စကပ်၊ ဂါဝန်နဲ့ လုံခြည်တွေထက် ဘောင်းဘီရှည်တွေက ပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ မိမိသွားမယ့် နေရာပေါ်တော့ မူတည်ပါတယ်။ ကမ်းခြေဆိုရင်တော့ Beach Dress နဲ့ Swim Suit က အကောင်းဆုံးပေါ့။ ဘောင်းဘီကတော့ နေရာဒေသမရွေး သွားလာရ လွယ်ကူပါတယ်။ လုံခြည်ကျတော့လည်း တောင်တက်ရင် အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။

အ၀တ်အစားကို ခရီးသွားမယ့်ရက်နဲ့ ကွက်တိထည့်မသွားပါနဲ့။ ပိုပိုလိုလို ထည့်သွားပါ။ လမ်းခရီး ကြန့်ကြာနေတဲ့အခါမျိုးမှာ ဒုက္ခရောက်နိုင်ပါတယ်။ ပြီးတော့ အပူဒဏ်ကာကွယ်ဖို့နဲ့ စမတ်ကျဖို့ နေကာမျက်မှန်၊ ဦးထုတ် စတာတွေ ထည့်သွားပါ။ ဖိနပ်ယူမယ်ဆိုရင်လည်း ဒေါက်ဖိနပ်၊ ရှူးဖိနပ်အပြင် အပါးတစ်ရံပါ အပိုထည့်သွားပါ။

ကျောင်းမဖွင့်ခင်လေး လေ့လာရေးခရီးသွားမယ်

ကျောင်းတက်နေတဲ့ ကလေးတွေဟာ တစ်နှစ်လုံးမှာ ၃ လတာပဲ ကျောင်းပိတ်ရက်ရတာပါ။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့် ကလေးတွေဆိုရင် တစ်နှစ်လုံးမှာ ၁ လတောင် ကောင်းကောင်းမနားရပါဘူး။ လေ့လာရေးခရီးတစ်ခုသာ ထွက်ခွင့်ရမယ်ဆိုရင် သူတို့အနေနဲ့ မှတ်ဥာဏ်တွေပိုကောင်းပြီး လူရောစိတ်ပါ လန်းဆန်းလာမယ့်အပြင် ဗဟုသုတနဲ့ အတွေ့အကြုံတွေလည်း အများကြီးရမှာ အသေအချာပါပဲ။ ကျောင်းစာတွေလည်း ပိုပြီး အာရုံစိုက်နိုင်ပြီပေါ့။

ဟန်းနီးမွန်းထွက်မယ်ဆိုရင် ဘယ်လိုနေရာတွေ ရွေးချယ်သင့်လဲ

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ ဟန်းနီးမွန်းထွက်မယ်ဆိုရင် လူအသွားအလာနည်းပြီး ရာသီဥတုသာယာတဲ့ နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ လူအရမ်းများတဲ့ နေရာမျိုးကိုသွားမိတဲ့အခါ နှစ်ကိုယ်ထဲကြည်ကြည်နူးနူး လျှောက်သွားချင်ရင်တောင် နေရာအနှံ့ မိမိတို့လိုမျိုးလည်ပတ်နေတဲ့သူတွေ ရှိတဲ့အတွက် စိတ်ရှုပ်ရတတ်ပါတယ်။ တိတ်ဆိတ်ပြီး လူသွားလူလာနည်းတဲ့ ခရီးစဉ်မျိုးကို ရွေးချယ်ပါ။

ဖုန်းလိုင်းမမိတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

ခရီးသွားတဲ့အခါ အမှတ်တရတွေကို မှတ်တမ်းတင်ဖို့ပဲဖြစ်ဖြစ်၊ ဆက်သွယ်ရ ပိုမိုလွယ်ကူစေဖို့အတွက်ပဲဖြစ်ဖြစ် ဖုန်းကို လူတိုင်းယူဆောင်သွားကြမှာပါ။ အားသွင်းကြိုး၊ Power Bank တွေ ဆောင်သွားဖို့တော့ မမေ့ပါနဲ့။

အရေးကြီးဆုံးက ဖုန်းလိုင်းပါ။ ဖုန်းလိုင်းမမိတဲ့အခါ ဆက်သွယ်ရခက်ပြီး အဆင်မပြေ ဖြစ်စေပါတယ်။ ကိုယ်သွားမယ့်နေရာဒေသနဲ့ ကိုက်ညီမှုရှိမယ့် ဖုန်း Sim Card ကို ယူဆောင်သွားသင့်ပါတယ်။ အခြား Sim Card တွေပါ ယူဆောင်သွားမယ်ဆိုရင်တော့ ဖုန်းလိုင်းမမိတဲ့ပြဿနာကို လွယ်လွယ်ကူကူပဲ ဖြေရှင်းပြီးသား ဖြစ်စေမှာပါ။

ငွေကြေးလုံလောက်မှု ရှိပါစေ

ကိုယ်သွားမယ့်နေရာမှာ ဘဏ်တစ်ခုခုရှိရဲ့လား၊ လွယ်လွယ်ကူကူနဲ့ ပိုက်ဆံထုတ်လို့ ရမယ့် ATM စက်တွေရော ရှိပါ့မလား ဆိုတာ အရင်လေ့လာပါ။ တကယ်လို့ ကိုယ်က ငွေသားသိပ်မယူသွားပဲ ဟိုရောက်တော့မှ ငွေထုတ်ဖို့ အဆင်မပြေတဲ့အခါ သူစိမ်းတွေပဲရှိတဲ့ နေရာဒေသမှာ အခက်ကြုံနိုင်ပါတယ်။ ငွေသား လုံလုံလောက်လောက် ယူသွားပါ။ နိုင်ငံတကာ ငွေလဲလှယ်နှုန်းတွေကိုလည်း လေ့လာထားပါ။

အနားယူမယ်၊ အပန်းဖြေမယ်

ခရီးထွက်တော့မယ်ဆိုကတည်းက ရိုးရိုးလေးပဲ စဉ်းစားပါ။ ခရီးသွားတယ်ဆိုတာ အဓိကက လူရော စိတ်ပါ အပန်းပြေစေဖို့ပါပဲ။ တခြားသူတွေလို စွန့်စားမယ်၊ မလုပ်ဖူးတာတွေ လုပ်မယ်ဆိုတာတွေက တစ်ပိုင်းသတ်သတ်ပါ။ ကိုယ့်မှာ ရှိတဲ့ငွေနဲ့ ကိုယ်ရတဲ့အချိန်လေးမှာ အကောင်းဆုံး ခရီးတစ်ခုဖြစ်အောင် ဖန်တီးနိုင်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်မိမိ Safety ဖြစ်အောင်လည်း ဂရုစိုက်ပါ။ သဘာဝရှုခင်းတွေကို ထိတွေ့ ခံစားပြီး လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရှူရှိုက်လိုက်ပါ။

ဘာပဲလိုလို ရန်ကုန်လမ်းညွှန်
Everything You Need

http://bit.do/yangondirectory  


Read 226 times Last modified on Thursday, 16 May 2019 09:46
Rate :
(5 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.