Friday, 15 September 2017 10:59

may thingyan hein
ဆရာမမေသင်္ကြန်ဟိန်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသာထားတဲ့ ‘ကျွန်မကို ချစ်တဲ့သူတွေ…’ စာအုပ်ကို ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ..’ အမည်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ ရွှေမြစ်မခ မီဒီယာဂရုနဲ့ အန်အမ်အက်ဂရု ကုမ္ပဏီတို့က ပူးပေါင်းပြီး ထုတ်လုပ် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

“ဇာတ်လမ်းလေးကတော့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီအဖွဲ့စည်းတွေ ပေါ်ပေါက်လာတယ်။ အဖေဖြစ်သူက ပါတီဝင် အမေဖြစ်သူက ကျောင်းဆရာမ အဲဒီကနေမှ ဆရာမ မေသင်္ကြန်ဟိန်းကို မွေးဖွားလာတယ်။ ဆရာမက အဖေထောင်ကျသွားတော့ သူ့ဘ၀ကိုသူ ဖြတ်သန်းရတယ်။ အမေဖြစ်သူကလည်း အကူအညီ အပြည့် မပေးနိုင်ဘူး။  အဖေကလည်း ခဏခဏ ထောင်ကျတယ်။ အဲ့လိုနေလာရင်း နေလာရင်းနဲ့ သူ့ရဲ့အချစ်ကို စတွေ့တယ်။ ပထမ အဆင်မပြေခဲ့ဘူး။ အချစ်ကတစ်ဖက် ဘ၀ကတစ်ဖက် ဖြစ်နေတယ်။ အဲ့လိုနေလာရင်းကနေ သူရန်ကုန်တက်လာတယ်။ အဲ့ဒီနောက်ပိုင်းမှာ မီဒီယာလောကထဲ ၀င်တယ်။ ဂျာနယ်ထောင်တယ်။ နောက်ပိုင်းမှာ နိုင်ငံတကာက ပေးတဲ့ဆုတွေ ရတယ်။ အဲဒီ ဆရာမ မေသင်္ကြန်းဟိန်းရဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်မှာပါ” လို့ ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာနေသူရိန်က ပြောပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် သရုပ်ဆောင်တွေအနေနဲ့ နေမင်း၊ နေထက်လင်း၊ ကောင်းပြည့်၊ သင်ဇာဝင့်ကျော်နဲ့ စုဒါလီ စတဲ့သရုပ်ဆောင်များစွာနဲ့အတူ သရုပ်ဆောင်အသစ်တွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။
naymin
“ကျွန်တော်ကတော့ ဆရာမရဲ့ အမျိုးသားနေရာကနေ သရုပ်ဆောင်ရမှာပါ။ အဓိကက ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော် ပါခြင်းမပါခြင်းဆိုတာထက် ဒီလိုဇာတ်လမ်းလေးတစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ပရိသတ်ကြည့်စေချင်တယ်၊ ပရိသတ်ရင်မှာ တခုခုကျန်ခဲ့စေချင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ပါဝင်ဖြစ်တာပါ” လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရှမ်းပြည်နယ် နောင်ချိုမြို့မှာ သွားရောက်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ..’ ကတော့ အပိုင်း ၄၀ လောက်ရှိမှာပြီး MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။
kaungpaye
“ကျွန်တော်က ဒီဇာတ်လမ်းမှာ ဆရာမရဲ့ အချစ်ဦး ရည်းစားဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ ကျွန်တော် ကာရိုက်တာကတော့ နောင်ချိုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာ တစ်ယောက်အနေနဲ့ ပါဝင်ရမှာပါ။ ကျွန်တော်ရဲ့ ဇာတ်ကောင်နေရာအတွက်ကို ဆရာမနဲ့ တိုင်ပင်ပြီးတော့ ၀တ်ရမယ့် အ၀တ်စားပုံစံတွေရော ဆံပင်ပုံစံတွေကအစ အကုန်လုံးကို ဆရာမနဲ့ပဲ တိုင်ပင်ပြီးတော့ အကောင်းဆုံး ဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်။” လို့ သရုပ်ဆောင် ကောင်းပြည့်ကပြောပါတယ်။

ဒီဇာတ်လမ်းတွဲဟာဆိုရင် နိုင်ငံရေးသမား မိသားစုတွေ ဒီမိုကရေစီတိုက်ပွဲကို အားပေး ထောက်ခံတဲ့သူတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုတွေ အားလုံးပါဝင်တဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်လို့ ကြည့်ရှုရမယ့် ပရိသတ်တွေအနေနဲ့ ခံစားမှု ရသတမျိုးကို ရရှိမှာပဲ ဖြစ်ပါတယ်။

ဖူးပွင့်သူ
Read More About Celebrity Articles Here


Read 614 times Last modified on Friday, 15 September 2017 11:16
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.