Friday, 29 March 2019 07:55

yht.jpg

ရန်ကုန်တိုင်းဒေကြီးအတွင်း ၂၉ ခုမြောက် အပြာရောင်ကမ္ဗည်းပြား (Blue Plaque) ကို လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် မတ်လ ၂၈ ရက်နေ့ နံနက်က တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။

“ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ ဒီထိန်းသိမ်းစောင့်ရှောက်မှုကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားမှ အောင်မြင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ မြို့ပြအမွေအနှစ် အဆောက်အဦ တွေကို နိုင်ငံတကာ ခရီးသွားတွေရော၊ မြန်မာနိုင်ငံအတွင်းက ခရီးသွားတွေရော၊ ပြည်သူလူထုတွေရောက အလွန်အင်မတန် စိတ်ဝင်စားပါတယ်။ ဒီစိတ်ဝင်စားမှုထဲမှာ အခု ဗဟိုအမျိုးသမီး ဆေးရုံကြီးကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီဆေးရုံကြီးကို အပြာရောင်ကမ္ဗည်းပြား တတ်ထားပြီးပြီဆိုရင် နောက်ပိုင်း ပြုပြင်တည်ဆောက်မှုတွေကို လုပ်တဲ့နေရာမှာ ဒီအဆောက်အဦကြီးကို မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်မှုနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

yht2.jpg

အဆိုပါအပြာရောင် ကမ္ဗည်းပြားများသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာရှိစွာ ဖော်ပြနိုင်သည့်အတွက် လူအများသိရှိပြီးသော အဆောက်အဦများ၊ နေရာများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အလှူရှင်များ၏ ငွေကြေးထည့်ဝင် ကူညီမှုတို့ဖြင့်ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကတာဝန်ယူတပ်ဆင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

yht3.jpg

ဗဟိုအမျိုးသမီး ဆေးရုံကြီးကို အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်၏ ကြင်ယာတော် လေဒီဒပ်ဖရင်၏ ရန်ပုံငွေဖြင့် မတည်တည်ထောင်ခဲ့ပြီး မူလက ဒပ်ဖရင်ဆေးရုံအဖြစ် ထင်ရှားခဲ့ကြောင်း၊ ကနဦးတွင် ရန်ကုန်ဆေးရုံကြီး၏ အမျိုးသမီးဆောင်ကို သွားဖွားဆေးရုံအဖြစ် ပြောင်းလဲထားရှိရန် စီစဉ်ခဲ့သော်လည်း အထမမြောက်သည့် အတွက် ယခု နေရာအနီးရှိ ဘန်ဂလိုကြီးတစ်ခုကို ၁၈၈၇ ခုနှစ်တွင် ငှားရမ်း၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၈၉၇ ခုနှစ်တွင် လက်ရှိဆေးရုံ၏ ပထမဆုံးအဆောင်ဖြစ်သည့် D ဆောင်ကို ဆောက်လုပ်ရန် လေဒီဒပ်ဖရင် ကိုယ်စား မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ ဇနီးလေဒီဖရိုင်ရာက အုတ်မြစ်ချပေးခဲ့ပြီး ၁၈၉၈ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဒပ်ဖရင်ဆေးရုံအဖြစ် စတင်အသုံးပြုခဲ့ကြောင်း၊ ယင်းနောက် Aဆောင်၊ Bဆောင်နှင့် Cဆောင်တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် ဗဟိုသားဖွားဆေးရုံအဖြစ် နာမည်ပြောင်းလဲခဲ့ကာ ၁၉၆၉ ခုနှစ်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီးအဖြစ် ထပ်မံပြောင်းလဲ ခေါ်ဆိုခဲ့ကြောင်း၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၏ မူလအမည်မှာ ဒပ်ဖရင်ဆေးရုံ ဖြစ်သော်လည်း အများပြည်သူက ဂျင်မခါနာဆေးရုံ ဟုသာ ခေါ်ဆိုကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

Source:Pyi Myanmar
Photos:Yangon Heritage Trust


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.