Thursday, 07 March 2019 04:07

Screenshot_from_2019-03-07_10-39-48-min.png

 

ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network –GEN) ဟာ မြန်မာနိုင်ငံတွင် ကျား/မရေးရာ တန်းညီမျှရေး လှုပ်ရှားဆောင်ရွက်သူများအတွက် “Champion for Gender Equality Award” ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

လာမည့် စနေနေ့ (မတ်လ ၉ ရက်)တွင် မဟာဗန္ဓုလပန်းခြံအတွင်း ညနေ ၄ နာရီမှ ၆ နာရီခွဲထိ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား၌ ရွေးချယ်ခံရသည့် ဆုရရှိသူ/အဖွဲ့အစည်းကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေး လုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ မရည်မွန်ဦး က ပြောပါတယ်။

အဆိုပါဆုကို ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ အောင်မြင်မှုများကို အသိအမှတ်ပြု လေးစား ဂုဏ်ပြုသည့် အနေဖြင့် ရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြထားပါတယ်။

“ မြန်မာနိုင်ငံမှာ ကျား၊မရေးရာ တန်းတူညီမျှရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရော ပုဂ္ဂိုလ်တွေရော အများကြီး ရှိပါတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုဖို့ ဒီဆုကို ရွေးချယ်ပေးအပ်တာပေါ့။ သူတို့က ဆုရချင်လို့ လုပ်တာမဟုတ်ဘဲနဲ့ ဆုရတဲ့အခါ သူတို့အတွက် အသိအမှတ်ပြုမှုတစ်ခု ဖြစ်သွားစေချင်လို့ပါ ” လို့ မရည်မွန်ဦးက ဆိုပါတယ်။

GEN အနေဖြင့် Champion for Gender Equality Award ကို ၂၀၁၉ မှစ၍ နှစ်စဉ်ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပြီး ယခုနှစ်အတွက် အဖွဲ့အစည်းတခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအား ရွေးချယ်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

ယင်းဆု အတွက် အမည်တင်သွင်းခံရသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများကို အများပြည်သူသိရှိစေရန် မျှဝေပြီး မတ် ၁ ရက်မှ ၇ ရက်အတွင်း အွန်လိုင်းမှမဲပေးမှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ မဲ အများဆုံး ရရှိသူ ၃ ဦး/အဖွဲ့အမည်ကို နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေးကော်မတီဝင် ဂျူရီ လူကြီးများထံ တင်ပြသွားပြီးနောက် ၎င်းတို့က ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

စနေနေ့တွင် ပြုလုပ်မည့် အခမ်းအနားကို GEN အပါအဝင် မြန်မာနိုင်ငံရှိ ကျား/မရေးရာ တန်းတူညီမျှရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ဆောင်ပုဒ် သတင်းစကားများဖြင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ဉာဏ်စမ်းမေးခွန်းများ၊ တေးသီချင်းများ၊ သရုပ်ဖော်ဇာတ်လမ်းတိုများ၊ ပြခန်းများနှင့် လူထုအသိပညာပေး လှုပ်ရှားမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

“ကျား၊မ ရေးရာ တန်းတူညီမျှရေးအတွက် လုပ်ဆောင်နေတဲ့၊ လုပ်ဆောင်ချင်တဲ့ မည်သူကိုမဆို အားလုံးကို ပါဝင်စေချင်ပါတယ်” ဟု မရည်မွန်းဦး က တိုက်တွန်းထားပါတယ်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ဆောင်ပုဒ်ကိုလည်း “ လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီ လုပ်ဆောင်စို့ ” ဟု ညွှန်းဆိုထားပါတယ်။

အခြားသော အမျိုးသမီးအရေးလှုပ်ရှားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားကို ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။

Source: Irrawady


Read 53 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.