Wednesday, 13 February 2019 10:59

train_13.2.19.jpg

ရန်ကုန်မြို့ပတ်ရထားဘူတာရုံတချို့နှင့် YBS ယာဉ်လိုင်းများချိတ်ဆက်၍ ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထားစီမံကိန်း အင်ဂျင်နီယာ ဦးမင်းအောင် ထံမှသိရပါတယ်။

ရန်ကုန်မြို့ပတ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ အရှေ့ဘက်ခြမ်းရှိ ကျိုက္ကလဲ့-ပုရွက်ဆိတ်ကုန်းကြား ၃ ဒသမ ၇၅ မိုင်အကွာအဝေးကို လမ်းနှစ်လမ်းလုံးပိတ်ကာ လမ်းပြုပြင်မည်ဖြစ်သဖြင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲမရှိစေရန်အတွက် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

YBS ယာဉ်လိုင်းများနှင့် ချိတ်ဆက်မည့် မီးရထားဘူတာရုံတချို့မှာ မင်္ဂလာဒုံဈေးဘူတာ၊ မင်္ဂလာဒုံ၊ ဝေဘာဂီ၊ ဥက္ကလာပဘူတာ တို့မှ ရထားစီးနင်းကြမည့်ခရီးသည်များအတွက်ဖြစ်ေကြာင်း၊ လက်ရှိ အရှေ့ဘက်ခြမ်းတွင်ပါဝင်သော တညင်းကုန်း-ပုရွက်ဆိတ်ကုန်းကြား ၇ ဒသမ ၂၅ မိုင်အကွာအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပြိုင်တည်း အဆင့်မြင့်တင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

"ရထားလမ်းပြုပြင်တဲ့နေရာမှာ လမ်းတွေ၊ ဘူတာတွေကို ပိတ်ထားမှာဖြစ်ပြီး ပိတ်ထားတဲ့လမ်းကြောင်းအနီးက ဘူတာတွေကနေ စီးနင်းနေတဲ့ ခရီးသွားပြည်သူတွေကို YBS ယာဉ်လိုင်းနဲ့ ချိတ်ဆက်ပြီး အဆင်ပြေစွာသွားလာနိုင်အောင်စီစဉ်ပေးမှာပါ။ ဒီအတွက်လည်း YRTA နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရထားတွေ ယာယီရပ်နားထားချိန်မှာ အခက်အခဲမဖြစ်အောင်လုပ်ဆောင်ပေးတာပါ။ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုအခြေအနေမှာတော့ အတွင်းပိုင်းတွေကို ဒီလအတွင်းမှာ ပြန်လည်ပြေးဆွဲနိုင်တော့မှာပါ " လို့ ဦးမင်းအောင် ကပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့ပြင် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း နှစ်ပိုင်းခွဲခြားဆောင်ရွက်နေကြောင်း၊ အနောက်ဘက်ခြမ်းတွင် အင်းစိန်-ကြည့်မြင်တိုင် ၅ ဒသမ ၅ မိုင်အကွာအဝေးနှင့် အရှေ့ဘက်ခြမ်းတွင် တညင်းကုန်း-ပုရွက်ဆိတ်ကုန်း ၇ ဒသမ ၂၅ မိုင် အကွာအဝေးတို့ပါဝင်ကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ယခင်ကထက်ခေါက်ရေ ၂၀ ပို၍ ပြေးဆွဲပေးနေကြောင်း၊ ယာယီပိတ်ထားသောလမ်းပိုင်းများတွင်လည်း ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်း၍ YBS ယာဉ်လိုင်းများဖြင့် ချိတ်ဆက်ပြေးဆွဲရန်စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

Source;မြဝတီ


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.