Monday, 11 February 2019 11:05

    bookstreeet

    မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)နှင့် House of Orchid တို့ပူးပေါင်းကျင်းပသည့် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ မတ် ၉ ရက်အထိ တစ်လကြာ စာအုပ်ညဈေးပွဲတော်ကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ ည ၁ဝ နာရီအထိ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းရှိ House of Orchid ဥပစာ နေရာများတွင် ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။

    ''ကျွန်တော်တို့ ဒီဈေးတန်းက အမြတ်မျှော်ကိုးပြီး လုပ်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ အဓိက က လူတွေလက်ထဲ စာအုပ်တွေ အလွယ်တကူရောက်စေချင်တယ်။ (၅၂)လမ်း ညဈေးက ဒီနေရာအနီးမှာရှိနေတယ်။ ညပိုင်းဆို လူသွားလူလာတွေများတယ်။ ဖြတ်သွားရင် အလွယ်တကူ စာအုပ်တွေ့ပြီး ဝယ်ဖတ်နိုင်ဖို့ရည်ရွယ်ပါတယ်။ လူကြီးတွေလာရင် ကလေးတွေပါလာမယ်။ ဒီကလေးတွေက သူတို့လိုချင်တဲ့ စာအုပ်လေးတွေပူဆာရင် ဝယ်ပေးကြမယ်။ ဒီလိုနဲ့ စာအုပ်ဖတ်တဲ့ယဉ်ကျေးမှု ပိုပြီးထွန်းကားလာစေချင်လို့ ဒီပွဲတော်ပြုလုပ်ရခြင်းဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပြောသည်။

    စာအုပ်ညဈေးတန်းပွဲတော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသိန်းအေး၊ House of Orchid မှ MD ဦးဌေးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ House of Orchid MD ဦးဌေးအောင်တို့က မုဒိတာစကားပြောကြားရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။

    ဆိုင်ခန်းများခင်းကျင်းမှုကို နေ့စဉ်ဖြုတ်သိမ်းပေးနိုင်ရေးအတွက် စာအုပ်များသိမ်းဆည်းရန်နေရာ၊ ဆိုင်ခန်းများအတွက် လျှပ်စစ်မီးလင်းရေးတို့ပါစီစဉ်ထားရှိပြီး ညစဉ် ရေးသူ၊ ဖတ်သူဆွေးနွေးပွဲများ၊ အမှတ်တရ လက်မှတ်ရေးထိုးရောင်းချပွဲများပါ ထည့်သွင်းပြုလုပ်နိုင်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။ ထိုစာအုပ်ညဈေးတန်းမှာ သုတရသ စာအုပ်မျိုးစုံကို ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိလို့ စာဖတ်ရတာ ၀ါသနာပါတဲ့ စာပေချစ်ပရိသတ်များသာမက မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းသိရပါတယ်။

    Source: The Mirror Daily (သူဇာနွယ်(ဖျာပုံ))


    Read 23 times
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.