Thursday, 01 June 2017 08:22

3

မိုးလေးလည်း ကျလာပြီဆိုတော့ သူသူကိုယ်ကိုယ် အေးအေးချမ်းချမ်းဖြစ်လာတာ မှန်ပေမယ့်  တစ်နေ့တာ တစ်ပတ်တာ လုပ်ငန်းခွင်အသီးသီးမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ  ပြာလွင်နေတဲ့ ရေကန်ထဲ ကိုယ့်ကိုယ်ကို စိမ်ချလိုက်ရင်း  ကိုယ် နှစ်သက်ရာ ကော့တေးလ်၊ ဝီစကီ၊ ဘီယာ၊  ဝိုင် စသဖြင့် အပန်းဖြေယစ်မူးပစ်လိုက်လို့ ရစေဖို့  အခန်းမယူဘဲ ရေကူးကန်အသုံးပြုလို့ ရမယ့် နေရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

Novotel Yangon Max Pool

Novotel Yangon Max Pool ကတော့ ဘားနဲ့ စပ်လျက် တကယ့် ကမ်းခြေတစ်ခုလို လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုနဲ့ လွင့်ပါစီးမြောနိုင်မယ့် ရေကူးကန်ပဲပေါ့။  သူက လူကြီးတစ်ယောက်ကို USD 15 နဲ့ ကလေးတစ်ယောက်အတွက် USD 10 ကောက်ခံမှာပါ။ မနက် ၆ နာရီကစပြီး ည ၈ နာရီအထိ ရေကူးနိုင်ပါတယ်။ သူနဲ့ ကပ်လျက် Pool Bar ကတော့ မနက်  ၁၀ နာရီမှ စဖွင့်တာဖြစ်ပြီး  နောက်ခံတီးလုံးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားနိုင်အောင် ပြင်ဆင်ထားပါတယ်။  ရုံးဖွင့်ရက်တွေမှာတော့ အလုပ်ပြီးတဲ့အချိန် ညနေပိုင်း လာကူးတဲ့သူများပြီး သောကြာ၊ စနေ၊ တနင်္ဂနွေလိုမျိုးရက်တွေမှာတော့ တစ်နေကုန် လူများတတ်တယ်လို့ ဆိုပါတယ်။
ဟိုတယ်မှာ တည်းခိုတဲ့သူတွေ၊ ဂျင်မ်ဆော့တဲ့ သူတွေကတော့ ရေကူးကန်ကို အခမဲ့ အသုံးပြုနိုင်ပြီး အပြင်လူတွေအနေနဲ့  အခမဲ့အသုံးပြုနိုင်တဲ့ နည်းလမ်း ကတော့ Novotel Yangon Max Poolရဲ့ Sunday Branch မှာ အားပေးလိုက်ရုံပါပဲ။ တနင်္ဂနွေ၊ ညနေ ၁၂နာရီကနေ ၃ နာရီ အတွင်း စားသောက်လို့ရမယ့် Sunday Branch ကတော့ တစ်ယောက်ကို 32 USD++ နှုန်း၊ အသက် ၆ နှစ် အောက် ကလေးဆိုရင် လုံးဝအခကြေးငွေမယူဘဲ၊ ၆ နှစ် အထက် ၁၂ နှစ်ထိဆိုရင် ထက်ဝက်နှုန်းပဲ ကျသင့်မှာမို့ ဒါလည်း မိသားစုလိုက်သွားရင် တန်တယ်လို့ဆိုရမှာပါ။ အဖျော်ယမကာကလည်း ဖရီးပဲလေ။ ပြီးမှပျော်ပျော်ရွှင်ရွှင် ရေဆင်းစိမ်ကြပေါ့နော့။
No.459, Pyay Rd., Kamayut Tsp., Yangon

Jasmine Palace Hotel Pool

ဒါကလည်း လူရွေးချယ်မှု များတဲ့ Pool ပါ။  အသက်အရွယ် ခွဲမထားဘဲ USD 15 နဲ့ Gym ရော Pool ပါ နှစ်ခုစလုံး အသုံးပြုလို့ရတဲ့ အစီအစဉ်သတ်မှတ်ထားပါတယ်။  မနက် ၇ နာရီကနေ ည ၉ နာရီ ခွဲအထိ ဖွင့်ထားတာပါ။  ဘားကလည်း တွဲလျက် တောက်လျှောက် အတူတူဖွင့်ထားတာမို့  ရေလေးလည်းစိမ်ရင်း  ဘားကနေလိုအပ်တာလေးတွေ မှာယူစား သောက်ရင်း ဇိမ်ခံလို့ရတယ်နော့။  စနေ၊ တနင်္ဂနွေကတော့ ထုံးစံအတိုင်း လူများမှာမို့ လူများများကို ရှောင်ချင်ရင်တော့ မနက်ပိုင်းဖြစ်ဖြစ်၊ ကြားရက်တွေပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်မှာပါ။
No.341, Pyay Rd., Sanchaung Tsp., Yangon

Sedona Hotel Pool

ဆီဒိုးနားဟိုတယ်က ရေကူးကန်ကိုတော့ အပြင်လူတွေအတွက် သီးသန့်သုံးစွဲခွင့် မစီစဉ်ပေးထားပါဘူး။ ဒါပေမယ့် စနေ၊ တနင်္ဂနွေက Buffet Branch ကို လာရောက်စားသုံးသူတွေအတွက်ကတော့ အထူး အခွင့်အရေးအနေနဲ့ ရေကူးကန်သုံးစွဲခွင့် အော်တိုရပြီးသား ဖြစ်သွားမှာပါ။  စနေ၊ တနင်္ဂနွေက Buffet Branch က 36 USD ကျသင့်မှာ ဖြစ်ပြီး မနက် ၆နာရီမှ ည ၁၀နာရီထိ ကြိုက်တဲ့အချိန် ဝင်လို့ ရပါတယ်။
No.1, Kaba Aye Pagoda Rd., Yankin Tsp., Yangon

Chatrium Hotel Pool

သူကလည်း ကလေး၊ လူကြီး အသက်အရွယ် မခွဲခြားထားဘဲ ဝင်ကြေး USD 25 ပေးပြီး ရေကူးကန် သုံးလို့ရနိုင်ပါတယ်။ မနက် ၆နာရီမှ ည၁၀နာရီထိ ဖွင့်ထားပြီး Fitness & Pool member ဝင်ထားတဲ့ သူတွေကတော့ အခမဲ့သုံးခွင့်ရှိပါတယ်။ သူများဟိုတယ် ရေကူးကန်တွေထက် ဈေးနည်းနည်း မြင့်တယ်ဆိုပေမယ့် သူ့ရဲ့ ရေကူးကန်နဲ့အတူ ပတ်ဝန်းကျင်သာယာလှပမှုကလည်း တကယ့် ဆွဲဆောင်မှုရှိတာပဲဆိုတော့ အပန်း ဖြေချင်တဲ့သူတွေအတွက် နေရာကောင်းတစ်ခုပါပဲနော့။
No.40, Natmauk Rd., Tarmwe Tsp., Yangon

Hotel Shwe Dondine

ဟိုတယ်တွေကတော့ သူ့ Facility နဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ဈေးအတန်ငယ် မြင့်တယ် ဆိုရမှာ ဖြစ်တော့ တကယ့်ကို ဈေးလည်းအရမ်းမကြီး၊ သာသာယာယာ သက်သောင့်သက်သာလည်းဖြစ်တဲ့ ရွေးချယ်စရာနေရာလေး ရှိပါသေးတယ်။ ဒါကတော့ ဟိုတယ် ရွှေဂုံတိုင်က ရေကူးကန်ပဲပေါ့။  တနင်္လာကနေ သောကြာ ဆိုရင် ညနေ ၆ နာရီ အတွင်း ဝင်ကြေး ၇၀ဝ၀ ကျပ်၊ ညနေ ၆ နာရီကျော်ရင် နှစ်ဆကြေး၊ စနေ တနင်္ဂနွေ မှာလည်း ၁၄၀ဝ၀ ကျပ် အတူတူပဲပေါ့။ သူက မနက် ၁၀ ခွဲကနေ နောက်တစ်နေ့ မနက် ၃ နာရီထိ တောက် လျှောက်ဖွင့်တာဆိုတော့ ရာသီဥတုနဲ့ အချိန်လေး ကိုယ့် ဘက်ပါရင် ပျော်စရာပါပဲနော့်။
No.273/A, Shwe Gon Daing Rd., Near Bandar Pin Bus Stop, Shwe Gon Daing (Mid) Ward, Yangon 

 

ယဉ်ယဉ်နိုင် စုစည်းတင်ပြသည်

Read More About Here


Read 474 times Last modified on Friday, 02 June 2017 09:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.