Thursday, 21 March 2019 09:43
 
 
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် နည်းပြဇီဒန်း၏ဦးဆောင်မှုအောက်တွင် ရီးရဲလ်မက်ဒရစ်အတွက် ကစားသမားဘ၀ဖြတ်သန်းပေးလိုသည်မှာ ၎င်း၏အိပ်မက်တစ်ခုပင်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးသွားခဲ့ပြီး ယင်းအတွက် မန်ယူအသင်းထံတွင် ပေါ့ဂ်ဘာ ဆက်ရှိနေနိုင်ရေးမှာ မရေရာမှုများရှိလာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
 
အသက် ၂၆ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသည့်စာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် ၂ နှစ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး နည်းပြ ဇီဒန်းကလည်း တိုနီခရူးစ်နှင့် မိုဒရစ်တို့ကို ရောင်းထုတ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ပေါ့ဂ်ဘာကိုခေါ်ယူရန် စိတ်အားထက်သန်မှုများရှိနေသည်။
 
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ပေါ့ဂ်ဘာနှင့် အမ်ဘတ်ပေတို့မှာ ပြင်သစ်ကစားသမားများဖြစ်ကြပြီး နည်းပြဇီဒန်းကိုလည်း လေးစားမှုရှိသူများဖြစ်သည့်အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးသူများဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောကြားထားပြီး မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကမူ ပေါ့ဂ်ဘာကို စာချုပ်သစ်ချုပ်ဆို၍ အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ယုံကြည်မှုများ ထားရှိနေဆဲဖြစ်သည်။
 
ပေါ့ဂ်ဘာသည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် မန်ယူအသင်း၏ရလဒ်များ ဆက်တိုက်တိုးတက်လာခဲ့အပြီးတွင် အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းလာခဲ့မည်ဆိုပါက ချက်ချင်းပင် လက်ခံလိုက်ရန် အသင့်ရှိနေပြီဟု ထုတ်ဖော်ပြောကြားခဲ့ဖူးသော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ဇီဒန်း ပြန်လည်ခန့်အပ်ခံလိုက်ရပြီးချိန်တွင်မူ ၎င်းမှာ သဘောထားပြောင်းလဲမှုများ ရှိလာခဲ့ပြီဖြစ်သည်။
 
မန်ယူဂိုးသမား ဒီဂီယာသည်လည်း အသင်းဘက်က ၎င်းကို ကမ်းလှမ်းထားသည့် ငါးနှစ်သက်တမ်းစာချုပ်သစ်ကို ငြင်းဆန်ပယ်ချ၍ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်က ကော်တွာနှင့် အလဲအထပ်ပြု၍ ဒီဂီယာကိုခေါ်ယူရန် ဆောင်ရွက်နေပြီလည်းဖြစ်သည်။
 

Source : The Voice


Read times Last modified on Thursday, 21 March 2019 10:59
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.