Thursday, 25 January 2018 04:36
S51A0703
ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ၀င်းထွန်းထွန်း ရိုက်ကူးထားတဲ့ ‘ငယ်ကျွန်’ ဆိုတဲ့ ဒရမ်မာ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လွမ်းမောဖွယ်၊ နာကျည်းဖွယ် အချစ်တို့ရဲ့အားပြိုင်မှုတွေနဲ့ ပုံဖော်ထားပြီး မေတ္တာရောင်ပြန် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။
ဇာတ်လမ်းအကျဉ်း
    ကျော်သာ့(လူမင်း)ကို ငယ်စဉ်ကထဲက ၀တီဦး(စိုးမြတ်သူဇာ)ရဲ့ မိဘတွေက မွေးစားခဲ့တာပါ။ ၀တီဦးရဲ့ မိဘတွေက သိပ်ကိုနန်းဆန်ပါတယ်။ နေတာထိုင်တာက တခြားမိသားစုတွေနဲ့ မတူဘူး။ စကားပြောလည်း မောက်မာပါတယ်။ ၀တီဦးက သူမဆီကို ဘယ်သူပဲ ဘာလာပေးပေး ဒူးထောက်ပြီး ပေးမှ သဘောကြတယ်။ အဲ့ဒီလိုပဲ ဘယ်သူမဆို သူမရှေ့ရောက်ရင် ဒူးထောက်ရပါတယ်။ အဲ့ဒီအထဲမှာ ကျော်သာလည်း ပါပါတယ်။ ကျော်သာဟာ ငယ်စဉ်ကထဲက ၀တီဦးကို မော်ကြည့်ခွင့် မရှိခဲ့ဘူး။ ကျောင်းတစ်ကျောင်းတည်း အတူတူတက်တာတောင် ကျော်သာဟာ ၀တီဦးနဲ့ ကားတစ်စီးတည်း အတူတူစီးပြီး ကျောင်းသွားခွင့်မရရှိခဲ့ပါဘူး။ ၀တီဦးဟာ ကျော်သာကို ငယ်ကျွန်တစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။
    အရွယ်ရောက်လာပြီး ကျော်သာဟာ ဘာသာစုံဂုဏ်ထူးနဲ့ ဆေးကျောင်းတက်ခွင့် ရခဲ့ပေမယ့်လည်း ၀တီဦးအရှေ့ ရောက်ရင်တော့ တကယ့်ကျွန်အတိုင်းပါပဲ။ ၀တီဦးဟာ မိဘချမ်းသာမှု အရှိန်အ၀ါ၊ ပင်ကိုယ်က မာနကြီးမှုတို့ကြောင့် အရွယ်ရောက်လာပြီး ချစ်ကြိုက်သူတွေ များလာပေမယ့် အဖေဖြစ်တဲ့ ဦးဘဘွားက ၀တီဦးကို သူစိမ်းယောကျာ်းနဲ့ အိမ်ထောင်ချပေးဖို့ စိတ်မချခဲ့ဘူး။ နောက်ပြီး ဒေါက်တာ ပါမောက္ခကြီးဖြစ်နေတဲ့ ကျော်သာဟာ ငယ်စဉ်တည်းက ၀တီဦးရဲ့ အနွံတာကို ခံခဲ့တာကြောင့် ၀တီဦးကို ကျော်သာနဲ့ပဲ နေရာချထားပေးဖို့ ဆုံးဖြတ်လိုက်တယ်။
S51A0191
ဒီဆုံးဖြတ်ချက်ကြောင့် ၀တီဦးပွဲကြမ်းပါတော့တယ်။ နှလုံးရောဂါအခံရှိတဲ့ ဦးဘဘွားဟာ မသေခင်မှာပဲ ကျော်သာနဲ့ အိမ်ထောင်ပြုဖို့ ၀တီဦးဆီမှာ ဂတိတောင်းခံတော့ ၀တီဦးလည်း မငြင်းသာပဲ နောက်ဆုံး ကျော်သာနဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ အိမ်ထောင်ပြုလိုက်ပေမယ့် ၀တီဦးဟာ ကျော်သာကို ငယ်ကျွန် တယောက်လိုပဲ သူ့မအရှေ့မှာ ဒူးထောက်ရပါတယ်။
    သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားတာကို ၀တီဦးသိသွားပြီး ယိမ်းကိုခေါ်တွေ့ကာ သူမရဲ့သားနဲ့ သဘောမတူနိုင်ဘူးလို့ အပြတ်ပြောလိုက်ပါတယ်။ ယိမ်းကလည်း မောင်မောင့်ကို သူမကိုချစ်ရင် သူမဘ၀ထဲကို ခုန်ဆင်းခဲ့ဖို့ ပြောပါတယ်။ မောင်မောင်ကလည်း ယိမ်းကို အရမ်းချစ်တာဆိုတော့ အရာရာကိုစွန့်ပြီး ယိမ်းဆီသွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နှစ်ဦးသဘောတူ တရားရုံးမှာ လက်မှတ်ထိုးမယ့်နေ့မှာပဲ ဒေါ်ဝတီဦးက ယိမ်းနဲ့မောင်မောင်ကို အချိုသပ်ပြီး အိမ်ကိုခေါ်သွားတယ်။
S51A9114
    အိမ်ရောက်တော့ ဒေါ်ဝတီဦးက မောင်မောင့်ကို ပထုတ်ပြီး ယိမ်းကို သူမသားကို တကယ်ချစ်ရင် မျက်နှာကိုဓါးနဲ့ ခြစ်ရဲလားဆိုပြီး သွေးတိုးစမ်းလိုက်တယ်။ ယိမ်းကလည်း မောင်မောင့်ကို တကယ်ချစ်တာဆိုတော့ ဖန်ခွက်နဲ့နဖူးကိုခြစ်ပြီး သွေးတောက်တောက် ကျပြတဲ့အထိ ဖြစ်တာတောင် ဒေါ်ဝတီဦးက ယိမ်းကို သူမရဲ့သားနဲ့ တူသလား၊ တန်သလားဆိုပြီး ချိုးချိုးနှိမ်နှိမ်တွေ ပြောပြီး သူမသားနဲ့ လုံးဝမပတ်သက်ဖို့ အပြတ်ပြောပြီး အိမ်ကနေ မောင်းထုတ်လိုက်တယ်။ ဒေါ်ဝတီဦး လုပ်ရပ်တွေကြောင့် ယိမ်းဟာ ဒေါ်ဝတီဦးကို ကြောက်ရွံမုန်းတီးပြီး အရမ်းကို နာကျဉ်းသွားခဲ့တယ်။
    ဒါကြောင့် ဒေါ်ဝတီဦးကို တိုက်ခိုက်ဖို့ နည်းလမ်းရှာတယ်။ ယိမ်းဟာ ဦးကျော်သာကို တည်ကြက်အဖြစ် ရှာတွေ့သွားတယ်။ အဲ့ဒီနောက် ဒေါ်ဝတီဦးနဲ့ ယိမ်းတို့ ဘာတွေဆက်ဖြစ်ကြမှာလဲ။
Read more about Here
Read times Last modified on Thursday, 25 January 2018 04:48
Rate :
(1 Vote)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.