Friday, 24 November 2017 09:58

bo aung din
ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ငါက ဗိုလ်အောင်ဒင်’ ဆိုတဲ့ ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဟာသအပြင် တန်ဆောင်တိုင်ကာလမှာ ဖြစ်ပျက်တတ်တဲ့ အခြေနေလေးတွေကိုပါ ပညာပေးအနေနဲ့  ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
ကထိန်အလှူခံမှာ ဗိုလ်အောင်ဒင်သီချင်းနဲ့ မူးရူးကခုန်နေတဲ့ သူဌေးသားဖေချစ် (မင်းမော်ကွန်း) တို့ အဖွဲ့နဲ့ ရွှေဂျိုးဖြူ (ပြေတီဦး) တို့ ပြသနာတက်ကြပါတယ်။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှုးရောက်လာပြီး အုပ်ချုပ်ရေးမှုးက ဖေချစ်ဘက်ကပါကာ ရွှေဂျိုးဖြူကို “မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား” ဘာညာပြောဆိုတာကြောင့် အဲ့ဒီစကားကို မှတ်ထားပြီး ရွှေဂျိုးဖြူတစ်ယောက် အိမ်ပြန်သွားခဲ့ပါတယ်။ ညဘက် အိပ်မောကျချိန်မှာတော့ ရွှေဂျိုးဖြူက ထော်လာဂျီပေါ်မှာ လော်စပီကာတင်ကာ ဗိုလ်အောင်ဒင် သီချင်းကိုဖွင့်ပြီး အလှူခံထွက်ပါတယ်။ တစ်ရွာလုံးက နားမခံသာလို့ ထွက်ပြောချိန်မှာတော့ ရွှေဂျိုးဖြူက အုပ်ချုပ်ရေးမှုး ပြောခဲ့သလို ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရွာဦးကျောင်းက ဆရာတော်ရောက်လာပြီး ဖြစ်စဉ်အစကို မေးမြန်းရာမှာ ပြသနာကို သဘောပေါက်ပြီး ဆရာတော်က ရွှေဂျိုးဖြူလုပ်ရပ်က မှန်ကန်ကြောင်း ရွဲ့တာတော့မှားတယ်လို့ ပြောကာ ရွှေဂျိုးဖြူကို အလှူခံမဏ္ဍာပ်ကို ဦးဆောင်ခိုင်းပါတော့တယ်။

ဒီလိုရွှေဂျိုးဖြူနဲ့ ဖေချစ်ဟာ မတည့်ဘဲ အမြဲတမ်းပြသနာတွေဖြစ်ကြပါတယ်။ တစ်နေ့ ရွာဆေးခန်းကို ဒေါက်တာမြနွယ်(အိချောပို) ရောက်လာပါတယ်။ ရွှေဂျိုးဖြူနဲ့ ဖေချစ်ဟာ ဒေါက်တာမလေးကို မြင်မြင်ချင်းပဲ ချစ်ကြိုက်သွားကြပါတယ်။ သူတို့ ၂ ယောက်စလုံးဟာ ဒေါက်တာမလေးနဲ့ နီးစပ်ဖို့ချင်တာကြောင့် ကြံဖန်ပြီး ရောဂါရှာကာ ဆေးခန်းကို သွားရောက်ကြပါတယ်။ တစ်နေ့ ရွှေဂျိုးဖြူက ရွာဆေးခန်းနားမှာ မြွေတွေ့တယ်လိုဆိုပြီး မြက်တွေ၊ ခြုံတွေကို ရှင်းနေစဉ် ဒေါက်တာမလေး ရောက်လာပြီး ကျေးဇူးတင်စကားတွေ ပြောပါတယ်။ ဒီသတင်းကို ဖေချစ်ကြားပြီး လုံးဝမကျေနပ်တာကြောင့် တပည့်တယောက်ကို မြွေသွားဖမ်းခိုင်းပြီး အစွယ်ချိုးကာ ဆရာမလေးအိမ်ထဲမှာ လွှတ်ပြီး သူပြန်ဖမ်းမယ်လို့ ကြံစည်ပါတယ်။ ဖြစ်ချင်တော့ မြွေဖမ်းခိုင်းတဲ့သူမှာ မြွေမမိဘဲ မြွေကိုက်ခံရကာ ဆေးရုံရောက်သွားခဲ့ပါတယ်။

ရွှေဂျိုးဖြူက ဒေါက်တာမလေးကို ချစ်ခွင့်ပန်ရာမှာ ဒေါက်တာမလေးက ရွှေဂျိုးဖြူကို လိမ်လိမ်မာမာနေရန် ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ရွှေဂျိုးဖြူဟာ ဒေါက်တာမလေးစကားကို နားထောင်ပြီး ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီလိုပဲ ဖေချစ်တစ်ယောက်လည်း ဒေါက်တာမလေးကို ချစ်ခွင့်ပန်ပါတယ်။ ဒေါက်တာမလေးက ဖေချစ်ကို တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်ဖို့ ပြောလိုက်ပါတယ်။ အဲ့ဒါကို ဖေချစ်နဲ့ သူ့အပေါင်းပါတွေက ဒေါက်တာမလေးဟာ လှေနှံနှစ်ဖက်နင်းနေတာ မင်းအဆုံးရှုံးမခံချင်ရင် ဒေါက်တာမလေးကို ခိုးပြေးဆိုပြီး မြောက်ပင့်ပေးကြပါတယ်။ ဒီလိုနဲ့ ဖေချစ်ဟာ သူ့အပေါင်းအပါတွေ မြောက်ပင့်ပေးတဲ့အတိုင်း ဒေါက်တာမလေးကို ခိုးပြေးဖို့စီစဉ်ပါတော့တယ်။ အဲ့ဒီနောက် ဖေချစ်၊ ရွှေဂျိုးဖြူနဲ့ ဒေါက်တာမလေးတို့ ဘာဆက်ဖြစ်ကြမှာလဲ? အဲဒါကိုတော့ ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြပေါ့နော်။

ဖူးပွင့်သူ
Read More About Movie Review Here
  


Read times Last modified on Friday, 24 November 2017 10:13
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.