Thursday, 09 November 2017 08:21

name
ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ဇော်မျိုး ရိုက်ကူးထားတဲ့ ‘အမည်ပေါက်နှင့် ကျူး’ ဆိုတဲ့ ဒရမ်မာ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျူးကျော်တွေရဲ့ ဘ၀ကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပြီး နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
ကျူးကျော်ရပ်ကွက်တစ်ခု အဲ့ဒီရပ်ကွက်မှာ ချမ်းသာ (မြင့်မြတ်)၊ အာယု၊ ၀ဏ္ဏ၊ ဘောဂ၊ ချစ်တီးတို့ နေထိုင်ကြပါတယ်။ ပတ္တမြား (အိချောပို) နဲ့ အဒေါ်ဖြစ်သူ ဒေါ်ရင်ရွှေ (စိုးမိုးကြည်) တို့လည်း နေထိုင်ကြပါတယ်။ ရာအိမ်မှုးကတော့ ကိုဗလ (ဒိန်းဒေါင်) ပဲ ဖြစ်ပါတယ်။ အဲ့ဒီရပ်ကွက်မှာ အားလုံးက ဆိုက်ကားနင်း၊ ပန်းရောင်း၊ ဂျာနယ်ရောင်း၊ သန့်ရှင်းရေးလုပ် စသဖြင့် ကြုံရာကျပန်း လုပ်ကိုင် စားနေကြရတာပါ။ ဒါပေမယ့်လည်း သူတို့က အချင်းချင်း ချစ်ခင်စည်းလုံးပြီး သူတစ်ပါးကို ကူညီတတ်ကြပါတယ်။ ဒီလိုနဲ့ ချမ်းသာနဲ့ ပတ္တမြားတို့ တွေ့ဆုံကြပြီး သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း ပံ့ပိုးပေးမှုကြောင့် ချစ်သူတွေဖြစ်၊ နောက်တော့ အဒေါ်ရဲ့ ခွင့်ပြုချက်နဲ့ လင်မယားဘ၀ကို ရောက်ရှိသွားပါတယ်။ တနေ့မှာတော့ သူတို့ရပ်ကွက်ထဲကို မင်းသမီး (မေကဗျာ) လို့ ဆိုပြီး စိတ်အနည်းငယ် ဖောက်ပြန်နေတဲ့ မိန်းကလေး တစ်ယောက် ရောက်လာပါတယ်။ ဆိုက်ဆိုက်မြိုက်မြိုက် ချမ်းသာနဲ့ ပတ္တမြားတို့ အိမ်ကို ရောက်လာခဲ့တာ ဖြစ်ပြီး သူ့မှာ ကိုယ်ဝန်ရှိနေတာကို သိရတဲ့အခါ ပတ္တမြားကလည်း သနားပြီး လက်ခံထားခဲ့ပါတယ်။

မင်းသမီး ကိုယ်ဝန်ရင့်လို့ ဗိုက်နာတဲ့အခါ ချမ်းသာ၊ ပတ္တမြားနဲ့ ချစ်တီးတို့အဖွဲ့က ဆေးရုံလိုက်ပို့ကြပါတယ်။ မင်းသမီးကတော့ ကလေးမွေးပြီး သေဆုံးသွားခဲ့ပါတယ်။ ကလေးကတော့ ယောက်ကျားလေးဖြစ်ပြီး ချမ်းသာတို့က အဲ့ဒီကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကလေးကိုတော့ လပြည့်လို့ အမည်ပေးပြီး တစ်ရွာလုံးက ကလေးကို ၀ိုင်းဝန်းထောက်ပံ့ကာ ထိန်းကျောင်းပေးကြပါတယ်။ တစ်နေ့ ဦးဘဟိန်း (ဇင်ဝိုင်း) က သူ့ပိုင်မြေပေါ်မှာ စက်ရုံဆောက်ဖို့အတွက် ရည်ရွယ်ပြီး မြေကွက်ကို လာကြည့်ရာ သူ့ရဲ့မြေပေါ်မှာ ကျူးကျော်ရပ်ကွက် ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီရပ်ကွက်ကတော့ ချမ်းသာတို့ ရပ်ကွက်ပဲ ဖြစ်ပါတယ်။ မြေကွက်ကို လာကြည့်ရင်းနဲ့ ဦးဘဟိန်း အရှေ့ကို ဘောလုံးကောက်ရင်း လပြည့်လေး ရောက်လာရာ ဦးဘဟိန်းက ကလေးကိုကြည့်ပြီး ချစ်ခင်သွားခဲ့ပါတယ်။

ဦးဘဟိန်းက သူရဲ့ချမ်းသာ ကြွယ်ဝမှုအင်အားကို အကြောင်းပြုပြီး သက်ဆိုင်ရာဌာနကို အကာအကွယ်ယူကာ ကျူးကျော်နေထိုင်သူတွေကို မောင်းထုတ်ဖို့ ကြိုးပါတယ်။ မြို့နယ်က နို့တစ်စာ ထွက်လာတဲ့အခါ ရပ်ကွက်ရုံးမှာ ဥက္ကဌက ချမ်းသာတို့ကို ခေါ်ပြောပါတယ်။ ချမ်းသာတို့က ဖယ်မပေးနိုင်ဘူး ငြင်းကြပါတယ်။ ဦးဘဟိန်းဘက်က အကြမ်းနည်းနဲ့ အိမ်တွေကို ဖယ်ရှားဖို့ကြိုးစားပါတယ်။ လူအင်အားတွေနဲ့ လာရာမှာ ချမ်းသာတို့ရပ်ကွက်က ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ ထိပ်တိုက်တွေ့ကြပါတယ်။ ဦးဘဟိန်း တပည့်ကျော်ကြီးက ချမ်းသာကို ရိုက်မည်ပြုရာ ကျောင်းကပြန်လာတဲ့ လပြည့်လေးက အဖေလို့ အော်ရင်း လဲကျသွားပါတယ်။ ဒါကို ဦးဘဟိန်းတွေ့ပြီး သူ့လူတွေကို ရပ်ခိုင်းပြီး နောက်ပြန် ဆုတ်သွားခဲ့ပါတယ်။ တပည့်ကျော်ကြီးက ဘာကြောင့်လဲလို့ မေးရာ ဦးဘဟိန်းက ကလေးကိုမြင်ပြီး ငါ့စိတ်ထဲမှာ ခံစားသွားရလို့ပဲလို့ ဖြေလိုက်ပါတယ်။ ချမ်းသာတို့က လပြည့်ကို ဆေးခန်း သွားပြရာမှာတော့ မွေးရာပါ နှလုံးရောဂါရှိနေတာကို သိလိုက်ရပါတယ်။ မြေကွက်ပြန်လည် ရရှိဖို့အတွက် ဦးဘဟိန်းက တရားရုံးမှာ တရာစွဲဆိုပါတော့တယ်။ အဲ့ဒီနောက်မှာ ချမ်းသာတို့ရပ်ကွက်နဲ့ ဦးဘဟိန်းဘာတွေ ဆက်ဖြစ်ကြမှာလဲ။

ဖူးပွင့်သူ
Read More About Movie Review Here


Read times Last modified on Thursday, 09 November 2017 08:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.