Thursday, 26 October 2017 07:40

knife
ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ ‘ရင်ဘတ်ထဲက ဓား’ ဆိုတဲ့ အိမ်ထောင်ရေး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကိုတော့ ဒါရိုက်တာက အိမ်ထောင်ရေး တစ်ခုမှာဖြစ်တတ်တဲ့ သဘောတရားတွေကို ပညာပေးအနေဲ့ ဖန်တီးထားပြီး ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
လရိပ်ဝေး (အိန္ဒြာကျော်ဇင်) ဟာ ဆယ်နှစ်သမီး အရွယ်ကထဲက မိခင်ဖြစ်သူ ဒေါ်မြမြ (ထွန်းအိန္ဒြာဗိုလ်) က ဖခင်ဖြစ်သူကို ဓားနဲ့ခုတ်ပိုင်းပြီး သတ်ဖြတ်လိုက်တာကို မြင်ပြီး မိခင်ကို မုန်းတီး နာကျည်းနေသူ ဖြစ်ပါတယ်။ ဒေါ်မြမြထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာလည်း ဆွေမျိုးတွေအိမ်မှာ လှည့်ပတ်နေရင်း ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာမှာ စနစ်ကျပြီး စည်းကမ်းကြီးပါတယ်။ သီဟ (ပြေတီဦး) ကတော့ မိသားစုရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ နို့ညှာသားဖြစ်တဲ့ အလျောက် အသုံးအဖြုန်းကြီးတယ်။ စည်းစနစ်ရှိဘူး။ ဒါပေမယ့်လည်း ပညာရေးမှာတော့ သီဟက ထူးချွန်တယ်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်မှာ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ စည်းစနစ်ကြီးတဲ့ လရိပ်ဝေး (ခေါ်) အဝေးနဲ့ ဗရမ်းဗတာနိုင်တဲ့ သီဟတို့ ဖူးစာဆုံခဲ့ကြပါတယ်။ တစ်နေ့ ဒေါ်မြမြ ထောင်ကလွတ်မယ့် အကြောင်းကို အန်တီစန်းပြောပြလို့ သိသော်လည်း လရိပ်ဝေးမှာ အမေကို နာကျည်းစိတ်နဲ့ သွားမကြိုခဲ့။ ဒါပေမယ့်လည်း သီဟနဲ့ မကြာခင်လက်ထပ်မယ့် မင်္ဂလာပွဲအတွက် မိခင်ဖြစ်သူကို မဖိတ်ရင် မကောင်းတဲ့အတွက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆယ်နှစ်ကျော်ကြာ ခွဲခွာနေရတဲ့ သမီးဖြစ်သူကို မြင်ရတော့ ဒေါ်မြမြ ၀မ်းနည်းဝမ်းသာ ခံစားရပါတယ်။ လရိပ်ဝေးကတော့ အေးတိအေးစက် ကျောက်ရုပ်ပမာ နှလုံးသားမရှိတဲ့အတိုင်း အမေကို မင်္ဂလာပွဲလာဖို့ပဲ ပြောပါတယ်။

ဒီလိုနဲ့ သီဟနဲ့ လရိပ်ဝေးတို့ အကြင်လင်မယားဘ၀ကို ရောက်ရှိလာကြပါတယ်။ မင်္ဂလာဆောင် ပြီးပြီးချင်းပဲ သီဟရဲ့အမေနဲ့ အမ မမကြူ (မြတ်ကေသီအောင်) တို့က လက်ဖွဲ့ရ ငွေတွေကို မင်္ဂလာပွဲအတွက် ကုန်ကျစရိတ် များတဲ့အတွက်လို့ အကြောင်းပြပြီး တဖက်လှည့်နဲ့ ယူပါတော့တယ်။ လရိပ်ဝေး စိတ်ထဲက ကသိကအောင့် ဖြစ်သွားပေမယ့်လည်း လက်ဖွဲ့ငွေတွေကို ပေးလိုက်ပါတယ်။ သီဟက ဆေးကျောင်းတတ်နေတဲ့ အချိန်ဖြစ်တာကြောင့် လရိပ်ဝေးက အစစအရာရာ ထောက်ပံ့ပေးရပါတယ်။ ဒါကို လရိပ်ဝေးက မငြူစူပေမယ့်လည်း သီဟရဲ့ အပိုသုံးငွေတွေက ဖြုန်းငွေတွေ ဖြစ်လာတဲ့အခါမှာတော့ သီဟကို ပြောဆို ဆုံးမပါတယ်။ သီဟက အိမ်ထောင် ကျပြီးပေမယ့်လည်း ၀င်ငွေမရှာနိုင်တဲ့အပြင် အိမ်အလုပ်တွေကိုပါ ၀ိုင်းကူလုပ်ချင်းမရှိဘဲ တနေကုန် ဂိမ်းပဲဆော့နေပါတယ်။ လရိပ်ဝေးမှာ ရုံးတဖက် အိမ်မှုကိစ္စတဖက်နဲ့ ဒေါင်ချာစိုင်းလာတဲ့အခါ ဒေါ်မြမြနဲ့ ထောင်ထဲမှာ ခင်မင်လာတဲ့ မရီကို အိမ်အကူအဖြစ် ခေါ်လာပါတယ်။ ဒါကို သီဟနဲ့ သူရဲ့အမေနဲ့ အမဖြစ်သူက မကျေနပ်ပါဘူး။ ဘာမှမဟုတ်တဲ့ အိမ်အကူမရီကို အကြောင်းပြပြီး အိမ်ထောင်ရေးအက်ကြောင်း ထင်လာပါတော့တယ်။ သီဟက စိတ်ပျော့ပြီး စိတ်ယိမ်းယိုင်လွယ်သူဆိုတော့ သီဟအမေနဲ့ မမကြူတို့ရဲ့ မြှောက်ထိုးပင့်ကော်လုပ် စကားတွေကို  တဖက်သတ်ယုံလွယ်ပြီး သီဟ လရိပ်ဝေးကို အငြိုးထားရာကနေ အိမ်ထောင်ရေးအက်ကြောင်း စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ လရိပ်ဝေးကလည်း ကိုယ့်ဘ၀ကိုယ် ကြောင်းလာသူပီပီ ဘယ်သူတွေက သီဟအနောက်မှာ ကြိုးကိုင်နေတယ်ဆိုတာကို သိရှိနေပြီး သီဟကိုလည်း ‘နင့်အမေနဲ့နင့်အမ အိမ်ကိုဘယ်တော့မှ မလာစေနဲ့’ ‘မကျေနပ်ရင် နင်ပါဆင်းသွား’ လို့ ပြောဆိုလိုက်တာကြောင့် သီဟအိမ်ပေါ်က ဆင်းသွားပါတော့တယ်။

ဒါပေမယ့်လည်း လရိပ်ဝေးရဲ့ ရေစက်လား ၀ဋ်ကြွေးကြမ္မာလား မသိ လရိပ်ဝေးမှာ သီဟရဲ့ ကိုယ်ဝန်ရှိလာပါတယ်။ ကြားထဲမှာလည်း သီဟရဲ့ အကိုဖြစ်သူနဲ့ အဖေတို့ရဲ့ စေ့စပ်ညှိနှိုင်းပေးမှု တွေကြောင့် သီဟနဲ့ လရိပ်ဝေးတို့ ပြန်လည်ပေါင်းဖက်ကြပါတယ်။ သီဟက ကလေး သံယောဇဉ်ကြောင့် လရိပ်ဝေးကို အရင်ကထက် ကြင်နာလာပါတယ်။ ဒါပေမယ့်လည်း အိမ်ဖော်တွေမှာ သီဟဒဏ်ကို မခံနိုင်တာကြောင့် ကြာကြာမခံပါဘူး။ လရိပ်ဝေးက အိမ်အကူ မရီကို အိမ်ပြန်ခေါ်လာတာကြောင့် သီဟတစ်ယောက် စိတ်ကသိကအောင့် ဖြစ်သွားပါတယ်။ တစ်နေ့ လရိပ်ဝေးက သူရဲ့နိုင်ငံခြားသား သူဌေးနဲ့ မန္တလေးကို အလုပ်ကိစ္စ ခရီးထွက်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အကြီးအကျယ် စကားများကြပါတယ်။ သီဟက နိုင်ငံခြားသားနဲ့ ခရီးမသွားဖို့ တားပါတယ်။ လရိပ်ဝေးက လက်မခံဘဲ သီဟအိပ်နေတုန်း ဇွတ်တရွတ် ထွက်သွားပါတယ်။ သီဟအကြီးအကျယ် ဒေါသူပုန်ထပြီး အဲ့ဒီကိစ္စကို အကြောင်းပြကာ ခြူ (မေကဗျာ) ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခြေရှုပ်ပါတော့တယ်။ ဒီကိစ္စကို လရိပ်ဝေးသိတဲ့အခါ ‘ငါ့အမေလည်း ငါ့အဖေကိုသတ်ပြီး ထောင်ထဲဝင်လာတာ နင့်တို့ဇာတ်လမ်းကို အခုရပ်ရင်ရပ် မရပ်ရင် ငါလည်း နင်ရောနင့်ကောင်မရော သတ်ပစ်မယ်’ လို့ ပြောဆိုပါတော့တယ်။

သမီးလေး မွေးလာတဲ့အခါမှတော့ သီဟခြေလှမ်း ခဏတော့ ရပ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြူက အိမ်အထိလိုက်လာပြီး သီဟနဲ့တွေ့တဲ့ အကြောင်းကို မရီထံကနေတဆင့် လရိပ်ဝေး သိရှိသွားပါတယ်။ အဲ့ဒါနဲ့ လရိပ်ဝေး ခြူဆီကိုသွားပြီး စာရင်းရှင်းပါတယ်။ အဲ့ဒီအခါကြမှ သီဟက လရိပ်ဝေးကို တဖက်သတ် နာကျည်း မုန်းတီးနေတာကို ခြူထံကနေ သိရှိသွားပါတယ်။ အဲ့ဒါနဲ့ လရိပ်ဝေးကို သီဟထံကနေ ကွာရှင်းခွင့်တောင်းရာ သီဟက လုံးဝလက်မခံဘဲ ‘ငါ့ဘ၀ရဲ့ အောင်မြင်လာတဲ့အချိန်ကို မင်းစောင့်ကြည့်ရမယ် မင်းအောင်မြင်နေတဲ့အချိန်မှာ အရသာရှိခဲ့သလိုမျိုး ငါလဲအရသာရှိချင်လို့’ လို့ ဆိုပြီး ဘာတွေ ဆက်ဖြစ်ကြမှာလဲ။

ဖူးပွင့်သူ
Read More About Movie Review Here


Read 181 times Last modified on Thursday, 26 October 2017 07:59
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.