Tuesday, 03 October 2017 10:02

aung say paing say
ဒီတပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့ ‘အောင်စေ ပိုင်စေ’ ဆိုတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက အက်ရှင်ကို ဟာသလေးတွေနဲ့ ရယ်မောစရာဖြစ်အောင် ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
အချိန်သည်ကား မြန်မာနိုင်ငံကို နယ်ချဲ့တွေ အုပ်စိုးစဉ် မြို့ရွာအသီးသီးမှာ တောင်ကြောင်တွေနဲ့ မသမာသူတွေ ကြီးစိုးချိန် ရွာလေးတစ်ရွာမှာ ကိုယ့်ရွာလုံခြုံရေးအတွက် ရွာသားတွေက သိုင်းဆရာဘငွေ (ညောင်ညောင်) ထံကနေ သိုင်းပညာရပ်တွေကို သင်ယူနေကြပါတယ်။ တစ်နေ့တော့ အဲ့ဒီရွာထဲကို လူစိမ်းတစ်ဦး ၀င်လာပါတယ်။ သူနာမည်ကတော့ အောင်စေ (လူမင်း) ပဲ ဖြစ်ပါတယ်။ အောင်စေက အဲ့ဒီရွာထဲမှာရှိတဲ့ သိုင်းဆရာဘငွေ အပါအ၀င် သူ့ရဲ့တပည့်တွေကိုပါ ကိုယ်ခံပညာ လက်ရုံးရည်တို့နဲ့ တိုက်ခိုက်အနိုင်ယူပြီး မိမိစကားကို နားမထောင်ရင် တစ်ရွာလုံးကို မြေလှန်ပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်ကာ အဲ့ဒီရွာမှာ နေထိုင်ပါတယ်။ တစ်နေ့ အောင်စေက အဲ့ဒီရွာရဲ့ အချောအလှ ချောမေ (အိချောပို) ကို သူ့ဆီ လာတွေ့ရန်နဲ့ လာမတွေ့ပါက တစ်ရွာလုံးကို မြေလှန်မယ်လို့ ပြောလိုက်ပါတယ်။ ချောမေအတွက် တစ်ရွာလုံးက စိတ်မကောင်းဖြစ်ရသလို ချောမေကို တစ်ဖတ်သက် စိတ်ဝင်စားနေတဲ့ ရွာသား (ညီထွဋ်ခေါင်) ကလည်း အောင်စေကို မကျေနပ်လို့ သတ်ဖို့ကြိုးစားရာကနေ အောင်စေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အဲ့ဒီရွာထဲကို နောက်ထပ် လူစိမ်းတစ်ယောက် ရောက်ရှိလာပါတယ်။ သူနာမည်ကတော့ ပိုင်စေ (နေတိုး) ပဲ ဖြစ်ပါတယ်။ ပိုင်စေမှာ ရွာသားတွေရဲ့ ပြောပြချက်ကြောင့် အောင်စေဖမ်းထားတဲ့ ရွာသားကို သွားရောက်ကယ်တင်ပြီး အောင်စေကိုလည်း စဥ့်အိုးထဲကို ရေနစ်သတ်လိုက်ပါတယ်။ တစ်ရွာလုံးက ပိုင်စေကို ကျေးဇူးတင်ပြီး ရွာမှာပဲ အခြေချဖို့ ပြောကြပေမယ့်လည်း ပိုင်စေက အောင်စေရဲ့ အလောင်းကို ဖျောက်ဖျက်ပြစ်ပြီး ခရီးဆက်ရန် ရှိတယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့ ရွာသားတွေက ပိုင်စေကို လှည်းတစ်စီးစာ လက်ဆောင်ပစ္စည်းတွေ ပေးလိုက်ကြပါတယ်။ ရွာနဲ့ တော်တော် အလှမ်းဝေးတဲ့ နေရာလည်းရောက်ရော သေချင်ယောင်ဆောင်နေတဲ့ အောင်စေက ပိုင်စေနဲ့အတူ ရလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ခွဲဝေကြပါတော့တယ်။ အောင်စေနဲ့ ပိုင်စေမှာ အဲ့သလို တစ်ရွာဝင်တစ်ရွာထွက် လိမ်လည်နေကြတဲ့ သူငယ်ချင်း၂ဦးသာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပိုင်စေက လူဆိုးဟန်ဆောင်ရမယ့် ရွာမှာတော့ အောင်စေလို အဆင်ပြေချောမွေ့မှု မရှိဘဲ အလွဲလွဲအချော်ချော်နဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါနဲ့ အောင်စေက လူဆိုးပြန်လုပ်ရတဲ့ အလှည့်ရောက်လာပြန်တယ်။  ထိုအချိန် တခြားရွာတစ်ရွာမှာ သူပုန်အဖွဲ့တစ်ဖွဲ့လုံးက ရွာတစ်ခုလုံးကို အုပ်ချုပ်ပြီး ထင်တိုင်းကြဲလျက် ရှိပါတယ်။ အဲ့ဒီရွာထဲက ကြည်ကြည် (ခိုင်သင်းကြည်) တို့ ညီအမနှစ်ဦးဟာလည်း သူပုန်တွေရဲ့ ဖမ်းဝရမ်းထုတ်ထားခြင်းကို ခံထားရပါတယ်။ အဲ့ဒီရွာထဲကို အောင်စေတစ်ယောက် ရောက်လာပြီး ရွာအ၀င်လမ်းမှာတင် သူပုန်တွေနဲ့ တိုက်ခိုက်ရာကနေ အဖမ်းဆီးခံလိုက်ရပါတယ်။ အဲ့ဒီရွာထဲမှာ အောင်စေ ပိုင်စေတို့သူငယ်ချင်း၂ဦး ဘာတွေဆက်ဖြစ်ကြဦးမှာလဲ ဆိုတာကိုတော့ ငွေရောင်ပိတ်ကားထက်မှာ ကြည့်ကြပါတော့နော်။

ဖူးပွင့်သူ
Read More About Movie Review Here

 


Read times Last modified on Tuesday, 03 October 2017 10:10
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.