Thursday, 17 August 2017 04:53

kyouk
ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ဩရသ ရိုက်ကူးထားတဲ့ "ကြောက် ကြောက် ကြောက်" ဆိုတဲ့ ပညာပေး သရဲဟာသကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးကိုတော့ ဒါရိုက်တာက ရယ်စရာတွေနဲ့အတူ ကြောက်စရာတွေကိုပါ ဖန်တီးထားတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ရာဇဝင်ကိုက ရေးသားထားပြီး 7 Sense Film Production က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဖိုးသံလုံးနဲ့ သာယာ
ဖိုးသံလုံး (နေတိုး)က ကြက်လျှာရွာသား၊ သူ ကြိုက်နေတဲ့ သာယာ (ခင့်ဝင့်ဝါ) ကလည်း ကြက်လျှာရွာသူပါပဲ။ ဖိုးသံလုံးရဲ့ အကျင့်က သရဲ အလွန်ကြောက်တတ်တာပါပဲ။ သာယာကလည်း ဖိုးသံလုံး အဲဒီလို သရဲကြောက်တတ်တာကို နည်းနည်းလေးမှ ကြည့်လို့ မရပါဘူး။ ဒါနဲ့ သာယာက ဖိုးသံလုံးကို သူမဆီက အချစ်ကို လိုချင်ရင် ည ၁၂နာရီ ရွာအပြင် သင်္ချိုင်းထဲက ညောင်ပင်မှာ အဖြေကို ချိတ်ထားတယ်၊ သွားယူရမယ်ဆိုပြီး ခိုင်းပါတယ်။ ဖိုးသံလုံးက ည ၁၂ နာရီမှာ ကြောက်ကြောက်နဲ့ ညောင်ပင်ဆီကို သွားပါတယ်။
သူလိုချင်တဲ့ အဖြေကိုလည်း ရှာတွေ့သွားတဲ့အချိန်မှာ သာယာက ရောက်လာပါတယ်။ သာယာကို တွေ့တော့ အရမ်းပျော်ပြီး ဖက်ထားတဲ့အချိန်မှာပဲ ဖိုးသံလုံးဆီကို သာယာရဲ့အဖေက ဖုန်းဆက်လာပါတယ်။ ဖုန်းထဲကနေ ညနေက ပိုးထိပြီး သာယာ ဆုံးသွားပြီလို့ သိလိုက်ရတဲ့အခါမှာတော့ ဖိုးသံလုံးတစ်ယောက် ကြောက်လန့်တကြားနဲ့ ရွာထဲကို ပြေးတော့တာပါပဲ။

မင်းညိုနဲ့ တမာ
မင်းညို (ထွန်းထွန်း)ကလည်း ကြက်လျှာရွာသားပါပဲ။ တမာ (နန်းမြတ်ဖြိုးသင်း) ကကျတော့ ထနောင်းပင်ရွာသူ။ ကြက်လျှာရွာနဲ့ ထနောင်းပင်ရွာကို ကျားသစ်ချောင်းဆိုတဲ့ ချောင်းတစ်ခုက ခြားထားပါတယ်။ မင်းညိုနဲ့ တမာက ချစ်သူတွေပါ။ ၂ ယောက်တွေ့ဖို့ဆိုရင် မင်းညိုက ချောင်းကို ဖြတ်ပြီးလာရတယ်။ မင်းညိုနဲ့ တမာရဲ့အဖေ ဦးသာဓုတို့က မတည့်ဘူး။ မင်းညိုနဲ့ တမာ ချစ်သူတွေ ဖြစ်နေတာကို ဦးသာဓုက သဘောမတူဘဲ တမာကို မြို့က သူ့အသိရဲ့သားနဲ့ ပေးစားဖို့ စီစဉ်ပါတယ်။
ဒီတော့ တမာက မင်းညိုကို လာခိုးခိုင်းပါတယ်။ ဒီလိုနဲ့ မင်းညိုက ကျားသစ်ချောင်းကနေ လှေလှော်ပြီး တမာကို လာခိုးတယ်။ ပြီးတော့ ချောင်းနံဘေးမှာ စောင့်နေတဲ့ တမာ့ကို လှေပေါ်တင်ပြီး သူတို့ရွာဘက်ကို ပြန်လှော်လာခဲ့ပါတယ်။ ချောင်းအလယ်လည်း ရောက်ရော မင်းညိုရဲ့ ဖုန်းက မြည်လာပါတယ်။ တမာရဲ့ အဖေက ဆက်တာပါ။ မင်းညိုနဲ့ ခိုးပြေးမှာကို ဦးသာဓု သိသွားလို့ တမာ့ကို အခန်းထဲ သော့ပိတ်ပြီး ထည့်ထားရာက အဆိပ်သောက် သေသွားကြောင်း ဖုန်းဆက်ပြောတာပါ။ တမာသေသွားပြီလို့ သိသိချင်း မင်းညိုက အနောက်လည်း လှည့်ကြည့်ရော သရဲဖြစ်နေတဲ့ တမာကို တွေ့ရပါတော့တယ်။ အဲဒါကြောင့် လှေပေါ်က ခုန်ချပြီး ရွာဘက်ကို ကူးခတ်ပြီး ထွက်ပြေးသွားပါတော့တယ်။

ကျော်ကြားနဲ့ မယ်မဒီ
ကျော်ကြား (ကျော်ကျော်)နဲ့ မယ်မဒီ (ပိုပို) တို့ကတော့ ကြက်လျှာရွာကို ရုပ်ရှင်လာရိုက်တဲ့ ရုပ်ရှင်အဖွဲ့က မင်းသားနဲ့မင်းသမီးပါ။ အဲဒီမှာ ရွာပြင်ထွက်ပြီး Night Scene ရိုက်ကြတဲ့အခါမှာတော့ ကျော်ကြားက သူ့အခန်းမပါလို့ ရွာမှာပဲ နေခဲ့တယ်။ ပြီးတော့ ကျော်ကြားနဲ့ မယ်မဒီတို့က ချစ်သူတွေ ဖြစ်နေကြတာဆိုတော့ ရုပ်ရှင်ရိုက်ပြီးလောက်တဲ့ အချိန်ကျရင် ကျော်ကြားက ဆိုင်ကယ်နဲ့ မယ်မဒီကို လာခေါ်မယ်ဆိုပြီး ချိန်းထားကြပါတယ်။ မယ်မဒီက ရွာအပြင်မှာ ညဘက်ကြီး ရိုက်ကြတဲ့ အခန်းက ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေတဲ့ အခန်းကို ရိုက်ရတာပါ။ ကျော်ကြားက မယ်မဒီကို ရိုက်ကွင်းမှာ သွားခေါ်ဖို့ ထွက်လာရင်း လမ်းခုလတ်မှာပဲ မယ်မဒီကို တစ်ယောက်တည်း လမ်းလျှောက်လာတာကို တွေ့တယ်။ ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ မေးတော့ ရှုတင်က ပြီးသွားပြီဖြစ်တဲ့အကြောင်း၊ ဒါရိုက်တာက ထပ်ရိုက်ခိုင်းနေမှာစိုးတာကြောင့် ထွက်လာတာလို့ ပြောတယ်။ အဲဒါနဲ့ ကျော်ကြားက မယ်မဒီကို ဆိုင်ကယ်ပေါ်တင်ပြီး ရွာကိုပြန်လာခဲ့တယ်။
အဲဒီလို ပြန်လာရင်း ကျော်ကြားဖုန်းက မြည်လာပြန်တယ်။ ဆက်တာက မယ်မဒီရဲ့ မိတ်ကပ်သမား မာမီပန်းနု။ မယ်မဒီဟာ ရိုက်ကွင်းမှာ ကြိုးဆွဲချတဲ့ အခန်းရိုက်ရင်း လွဲချော်မှုဖြစ်ကာ တကယ် သေသွားကြောင်း မာမီပန်းနုက ငိုကြီးချက်မနဲ့ ပြောတယ်။ ဒီမှာတင်ပဲ သူ့ဆိုင်ကယ်နောက်မှာ သူ့ခါးကိုဖက်ရင်းပါလာတဲ့ မယ်မဒီက သေပြီးသားဆိုတာကို သိသွားတဲ့ ကျော်ကြားက လန့်ဖျပ်ပြီး ဆိုင်ကယ်ပေါ်ကနေ ပြေးဆင်းကာ ရွာထဲကို ထွက်ပြေးပါတော့တယ်။

ခေတ်ကောင်းနဲ့ စိမ့်စမ်း
ခေတ်ကောင်း (မင်းသွေး)နဲ့ စိမ့်စမ်း (နန်းခင်ဇေယျာ) တို့ကတော့ ရန်ကုန်မှာနေကြပြီး ပူပူနွေးနွေး မင်္ဂလာဆောင်ထားတဲ့ ဇနီးမောင်နှံပါ။ ခေတ်ကောင်းမှာ သူငယ်ချင်း ၂ ယောက် ရှိပါတယ်။ သူတို့က အစအနောက်သန်တဲ့အတွက် စိမ့်စမ်းက စိတ်ညစ်ရပါတယ်။ ခေတ်ကောင်းနဲ့ စိမ့်စမ်းတို့ရဲ့ ဟန်နီမွန်းခရီးစဉ်အဖြစ် ပြင်ဦးလွင်ကို သွားဖို့ စီစဉ်ထားကြပါတယ်။ ဒါကို ခေတ်ကောင်းရဲ့ သူငယ်ချင်းတွေက သူတို့လည်း ပြင်ဦးလွင်နားက ကြက်လျှာရွာမှာ ရုပ်ရှင်ရိုက်နေတဲ့ သူငယ်ချင်း ကျော်ကြားဆီကို သွားချင်တာကြောင့် အတူတူသွားရအောင် ဆိုပြီး ပြောဆိုလာပါတယ်။ စိမ့်စမ်းက လက်မခံချင်ပေမယ့် ခေတ်ကောင်းရဲ့ သူငယ်ချင်းတွေမို့ လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ ခရီးထွက်လာကြရင်း လမ်းခုလတ်မှာ ခေတ်ကောင်းရဲ့ သူငယ်ချင်းတွေက စိမ့်စမ်း စိတ်အနှောင့်အယှက်ဖြစ်အောင် စနောက်ကြပါတယ်။ ခရီးဆက်ရင်း ကြက်လျှာရွာ ရောက်ကာနီးမှာ အကုန်လုံး အိပ်မောကျနေတဲ့အချိန် ခေတ်ကောင်းက သူ့သူငယ်ချင်းတွေကို ပြန်လက်စားချေချင်တဲ့ စိတ်နဲ့ တစ်ခုခုနောက်ဖို့ကို ကြံရွယ်လိုက်ပါတယ်။ အဲဒီနောက် ခေတ်ကောင်းဟာ အသင့်ပါလာတဲ့ ဗြောက်အိုးကို မီးရှို့ပြီး သူငယ်ချင်းတွေဘက်ကို ပစ်လိုက်ပါတယ်။ အဲဒီအခါမှာတော့ အက်ဆီးဒင့်ဖြစ်ကာ ကားမီးလောင်သွားပါတယ်။ ခေတ်ကောင်း သတိရပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာ သူ့သူငယ်ချင်း ၂ယောက်ကတော့ မေ့မြောနေတာကို တွေ့ရပါတယ်။ ခေတ်ကောင်းဟာ စိမ့်စမ်းကို လိုက်ရှာရင်း စိမ့်စမ်းက ရွာဘက်ကို ပြေးဝင်တာ တွေ့လိုက်ရပါတယ်။ အနောက်ကနေ ပြေးလိုက်တဲ့ အခါမှာတော့ စိမ့်စမ်းကို မတွေ့တော့ပါဘူး။

ဘာတွေ ဆက်ဖြစ်မလဲ
အရပ်လေးမျက်နှာကနေ ကြောက်အားလန့်အားနဲ့ ပြေးလာတဲ့ မင်းညို၊ လူစိမ်း၊ ကျော်ကြားနဲ့ ခေတ်ကောင်းတို့က ကြက်လျှာရွာရဲ့ လမ်းမတစ်နေရာမှာ လေးပွင့်ဆိုင် တိုးတိုက်မိကြပြီး ဆုံကြပါတယ်။ သူတို့ ၄ ဦးဆုံကြပြီး ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာကို "ကြောက် ကြောက် ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆက်လက် ရှုစားကြပါဦးစို့။

ဖူးပွင့်သူ
Read More About Movies, Cinemas & Schedules Here


Read 166 times Last modified on Thursday, 17 August 2017 05:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.