ďťż
Thursday, 03 August 2017 09:25

dunkirk
အခု လာမယ့် သြဂုတ် ၄ ရက်မှာ ရုံတင်မယ့် ရုပ်ရှင်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်တိုက်ပွဲကြီးကို အခြေခံ ရိုက်ကူးထားတဲ့ Dunkrik ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့သူကတော့ The Dark Knight (2008) ၊ Inception (2010)၊ The Dark Knight Rises (2012) အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော်ဒါရိုက်တာ Christopher Nolan ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင် မထွက်ခင်ကတည်းက Christopher Nolan ရဲ့လက်ရာဆိုတာနဲ့တင် ဒီကားကို စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ Nolan ရဲ့လက်ရာတွေအတိုင်းပဲ သရုပ်ဆောင်တွေကို စူပါစတားတွေ မသုံးထားဘဲ ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့်သူတွေချည်းပဲ ရွေးချယ်ထားပြီး ဇာတ်ညွှန်းကိုလည်း ကိုယ်တိုင် ရေးသားခဲ့ပါတယ်။ Nolan ကတော့ ရှေ့က သူရိုက်ခဲ့တဲ့ ရုပ်ရှင်တော်တော်များများမှာလည်း ကိုယ်တိုင်ဝင်ပြီး ဇာတ်ညွှန်းရေးတာတွေ ရှိခဲ့ဖူးပါတယ်။ ထူးခြားတာက သူရိုက်ခဲ့သမျှ ရုပ်ရှင်တွေထဲမှာ ဒါဟာ ပထမဆုံးသော ဖြစ်ရပ်မှန် သမိုင်းနောက်ခံ ရုပ်ရှင်ကားဖြစ်သလို သူ့ရဲ့ ပထမဆုံးသော စစ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာတိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အထူးပြုလုပ်ချက်တွေ မသုံးထားဘဲ တကယ့် သင်္ဘောအစစ်တွေနဲ့ ရိုက်ကူးခဲ့တာတွေ၊ တခြားအခန်းတွေမှာလည်း အစစ် တော်တော်များများကို အသုံးပြုရိုက်ကူးခဲ့တာတွေဟာ ပရိသတ်စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ ကြည်း၊ ရေ၊ လေ တိုက်ပွဲစုံကိုပါ မြင်ရအောင် ထည့်သွင်း ရိုက်ပြထားနိုင်တာကတော့ သူ့ရဲ့ ပညာကို ထုတ်ပြလိုက်သလားတောင် ထင်ရပါတယ်။ ဒီကားမှာ Nolan ရခဲ့တဲ့ အနုပညာကြေး ဒေါ်လာ သန်း ၂၀ အပြင် အမြတ်ကနေပြီးလည်း ရာခိုင်နှုန်းနဲ့ ထပ်ရဦးမှာဖြစ်လို့ ဝင်ငွေအကောင်းဆုံး ဒါရိုက်တာတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရှေ့မှာ ရုံတင်ခဲ့တဲ့ Super Hero ရုပ်ရှင်တွေရဲ့ အောင်မြင်မှုကို ဒီကားက ကျော်ဖြတ်နိုင်ဖို့ အသင့်ဖြစ်နေမလား ဆိုတာကိုတော့ ဇူလိုင် ၂၁ ရက်မှာ ရုံတင်တဲ့ အချိန်ကျရင် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြသချိန် ၁၀၆ မိနစ်ပဲ ရှိတာမို့လို့ Nolan ပရိသတ်တွေအတွက်တော့ တိုလွန်းတဲ့ ကားတစ်ကားအဖြစ် အသံတွေ ညံလာဦးမယ်လို့ ထင်ပါတယ်။

နေလင်း
Read More About Movies, Cinemas & Schedules Here


Read 155 times Last modified on Thursday, 03 August 2017 09:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.